အကောင်းမြင်သောစိတ်

တခါတုန်းက ရွာတရွာမှာ သူခိုး ဝင်ခိုးတော့ ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။ သူခိုး ကလည်း ကြံရာမရ ဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတဲ့ သင်္ချိုင်းထဲကို ကမန်းကတမ်းနှင့် ဝင်ပြေးပြီး ပုန်းနေရပါသတဲ့။

ရွာသားတွေ ပြန်လည် ထွက်ခွာသွားတော့မှ ပုန်းနေရာကနေ ခေါင်းကလေး ပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူနှင့် မလှမ်းမကမ်းမှာ ရသေ့တပါး တရားထိုင်နေတာကို သွားပြီး မြင်ပါသတဲ့။

ဒီတော့ သူခိုးက တွေးလိုက်တာက "သြော် လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ ငါတယောက်တည်းမှ မဟုတ်ဘဲ။ ဟိုဖက်မှာလည်း သူခိုးတယောက် ပုန်းနေပါပကော" လို့ တွေးမိပါသတဲ့။

ရသေ့ကြီး ကလည်းပဲ လူသံသူသံ ကြားရတာနှင့် ဘာတွေများပါလိမ့် လို့ ခေါင်းကလေး မော့ပြီး ကြည့်လိုက်တော့၊ မလှမ်းမကမ်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့ ရသေ့ကြီးက တွေးပါသတဲ့။

"သြော် ဒီသင်္ချိုင်းထဲမှာ ငါတယောက်တည်း တရားအားထုတ် နေတယ်လို့ ထင်နေတာ။ ဟိုဖက်မှာလည်း သူတော်ကောင်း တယောက် တရားအားထုတ် နေပါပကော" လို့ တွေးပြီး သာဓု အကြိမ်ကြိမ် ခေါ်မိပါသတဲ့။

ပုံပြင်လေး ကတော့ ဒါပါပဲ။ လူတွေဟာ မိမိစိတ်အတိုင်း သူများကို မြင်တတ်ကြတယ်လို့ ဆိုလိုတာ ပါပဲ။

စိတ်ထား မကောင်းသူက သူများကိုလည်း မကောင်းမြင်တတ် ကြတယ်။ မကောင်းပြောတတ် ကြပါတယ်။ မကောင်းကြံတတ် ကြပါတယ်။

စိတ်ထားကောင်းသူများ ကတော့ မကောင်းတဲ့သူကို တောင်မှ ဖြည့်ပြီး အကောင်းပြောတတ် ကြပါတယ်။

ဥပမာ မကောင်းလို့ အပေါင်းအသင်း မလုပ်ရင် ပိုဆိုးသွားမှာပေါ့ လို့ ပြောတတ်ကြပါတယ်။

ဒါ့ကြောင့် အရာရာတွင် အကောင်းမြင်ခြင်းသည် အကောင်းကြီး မဟုတ်ပေမယ့် အဆိုးမြင်ခြင်းထက်တော့ ကောင်းတယ်လို့ ကမ္ဘာ့ ပညာရှင်များက လက်ခံထားကြ ပါတယ်။ phoomyatchal

Post a Comment

0 Comments