တခါတုန်းက အဘိုးအို တယောက်သည် တဦးတည်း နေထိုင်ကာ လယ်ယာ လုပ်ကိုင် စားသောက်သည်။ သူ့ထံတွင် နွား နှစ်ကောင် ရှိသည်။ သူဟာ မနက်တိုင်း နွားတွေကို ဆွဲကာ လယ်ထဲသို့ သွားလေ့ ရှိသည်။ လယ်ထွန်ရသည် ဖြစ်စေ မထွန်ရသည် ဖြစ်စေ သူ့နွားတွေကို လယ်ထဲ ခေါ်သွားတတ်သည်။
တနေ့တွင် သူ့၏ နွားတကောင် ပိုးထိသဖြင့် နွားတကောင်ပဲ ကျန်တော့သည်။ အဘိုးအိုတွင် လယ်ထွန်ချိန် နွားတကောင်တည်း ရှိသဖြင့် ဒုက္ခရောက် နေသည်။
ဘေးအိမ်က အိမ်နီးချင်းက "အဘိုး ကျွန်တော့် နွားတကောင် ယူသုံးနိုင် ပါတယ်။ အဘိုး အဆင်ပြေတဲ့ အထိ ယူထားပါ ခင်ဗျာ" ဟု ပြောသည်။ ထိုအခါ အဘိုးအိုက "ဘာလဲကွ မင်းဆီက နွားရမှ ငါက အလုပ် ဖြစ်မှာလား။ ငါ့ကို လာပြီး သနားစရာ မလိုဘူး" ဟု ပြောထုတ်သည်။
အဘိုးအို၏ မာနကို ကြောက်သဖြင့် အိမ်နီးချင်းက ကူညီချင် သော်လည်း မပြောဝံ့တော့။ အဘိုးအိုသည် မာနသာ ရှိသည် ဆိုသော်လည်း လယ်ကွင်းထဲ ရောက်သည့်အခါ ငိုကြွေးရင်း ညည်းညူ နေမိသည်။
"အရှင် ကျွန်ုပ်အပေါ် ရက်စက်လွန်း လှသည်။ ကျွန်ုပ် အသက် ကြီးပါပြီ။ အိုမင်းမစွမ်း ချိန်မှ နွားတကောင်ကို သတ်ပစ်လိုက် သည်မှာ မတရားပါ အရှင်" ဟု ပြောပြောပြီး ငိုသည်။
ထိုစဉ် အသံတသံ ပေါ်ထွက်လာသည်။
"အဘိုးအို သင့်မှာ နွားတကောင်ကြောင့် ဒုက္ခ ရောက်နေပြီ"
အဘိုးအိုက ဟိုဟိုသည်သည် ကြည့်ပြီး "အရှင်လား ကယ်တော်မူပါ"
"ငါသည် သင်၏ ငိုကြွေးနေမှု အပေါ် စိတ်မကောင်းပါ။ ထို့ကြောင့် သင် လိုအပ်နေသော နွားတကောင်ကို ဖြည့်ဆည်း ပေးပါ့မယ်" "ကျေးဇူး ကြီးလှပါသည် အရှင်"
"သို့သော် ကျွန်ုပ်က နွားသုံးကောင် သင့်ကို ပေးလိုက်မည်။ ကြိုက်တဲ့ တကောင်ကို သင်ယူပါ။ ကျန်တဲ့ နှစ်ကောင်ကို သင့်အိမ်နီးချင်းအား ပေးလိုက်ပါ"
"ကျွန်ုပ်၏ အိမ်နီးချင်းကို အဘယ်ကြောင့် ပေးရမည်နည်း"
"သူက သင့်ထံတွင် လိုအပ်နေသည့် နွားတကောင် အတွက် သူတော်ကောင်း စိတ်ဖြင့် တကောင်လာပြီး ကူညီသည်။ လက်ခံခြင်း၊ လက်မခံခြင်းမှာ သင့်အပိုင်း ဖြစ်သည်။ သို့သော် သူ၏ သူတော်ကောင်း စိတ်ဓာတ်၊ ကူညီချင်သော စိတ်ဓာတ်ကို သဘောကျ သောကြောင့် သင် ဆုတောင်းသည်ထက် နှစ်ဆ သူ့ကို ပေးသနား လိုက်ခြင်း ဖြစ်သည်"
ထိုအခါ အဘိုးအိုက စိတ်ဆိုးမာန်ဆိုးဖြင့် "အသင် ဘယ်သူမှန်း မသိ။ ကျွန်ုပ်ကို နွားတကောင်မျှ ပေးစရာ မလို။ ကျွန်ုပ်က တကောင်သာ ရပြီး ဟိုဘက်အိမ်က နှစ်ကောင် ရသွားသည်ကို မလိုလား။ သင့် အကူ အညီကို လက်မခံ။ ထွက်သွား" ဟု မောင်းထုတ် လိုက်သည်။
ညနေတွင် အဘိုးအိုသည် နွားတကောင်နှင့် အိမ်ပြန်သည်။ အဲဒီ ကျန်သော နွားတကောင်ကို မိုးကြိုး မှန်သည်။ တင်ညွန့်
0 Comments