သစ်ခုတ်သမားနဲ့ ရွှေရောင်ငှက်ကလေး

တခါတုန်းက ရွာကလေး တရွာမှာ သစ်ခုတ်သမားတဦး ရှိပါတယ်။ သူဟာ နေ့တိုင်း တောထဲကိုသွားပြီး ထင်းတွေ ခုတ်လို့ အသက်မွေးဝမ်းကြောင်း ပြုတယ်။ တနေ့တော့ သစ်ခုတ်သမားဟာ တောထဲဝင်လာရင်း မျက်စိလည် လမ်းမှားလို့ တောရဲ့ အတွင်းပိုင်းကို ရောက်သွားခဲ့တယ်။

အဲဒီနောက် သစ်ပင် တပင်အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ ငှက်ကလေး တကောင်ကို တွေ့ခဲ့တယ်။ ငှက်ကလေးဟာ တကိုယ်လုံး ငွေမှင်ရောင် ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ် တောက်ပလျက် ရှိတယ်။

ထင်းခုတ်သမားက "တသက်နဲ့ တကိုယ် ဒီလို လှပတဲ့ ငှက်မျိုး မတွေ့ဖူးဘူး ဆေးကုပြီး အိမ်မှာ မွေးထားရမယ်" လို့ တွေးပြီး ငှက်ကလေးကို အိမ်ကိုယူဆောင်လာ ခဲ့တယ်။

အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့ အချိန်မှာ ငှက်ကလေးက သစ်ခုတ်သမားကို နေ့စဉ် သီချင်း ဆိုပြပါတယ်။ သာယာနာပျော်ဖွယ် ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူး ခဲ့ရတယ်။

တနေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းက ငွေရောင်ငှက်ကလေးကို မြင်တော့ ပြောတယ်။ "ဒီငွေရောင်ငှက်ထက် လှတဲ့ရွှေရောင်ငှက်ကလေးကို တောနက် တနေရာမှာ တွေ့ဖူးပါတယ်။ အသံကလည်း ပိုချိုပြီး သာယာနာပျော်ဖွယ် ကောင်းပါတယ်"

ထိုအခါ သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကို ကြားပြီး ရွှေရောင်ငှက် ဆိုတာလည်း ရှိပါသေးလား လို့ တွေးမိလိုက်တယ်။ ပြီးတော့ အဲဒီ ရွှေရောင်ငှက်ကလေးကို မြင်ချင်စိတ် ပြင်းပြလာ ခဲ့တယ်။

ငွေရောင်ငှက်ကလေး ဆိုပြတဲ့ သီချင်းသံတွေ ကိုလည်း အရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကို တမ်းတရင်းပဲ အချိန်ကုန်နေ ခဲ့ရတယ်။ နေ့တိုင်းလည်း မျက်နှာ မသာမယာနဲ့ မပျော်ရွှင်တော့ ပါဘူး။

တနေ့တော့ ညနေခင်း အချိန်မို့ နေဝင်ဆည်းဆာအချိန်က လှပနေခဲ့တယ်။ သစ်ခုတ်သမားက "အင်း ရွှေရောင်ငှက်ကလေး သာဆို ဒီလို နေဝင်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲ" လို့ တွေးနေမိတယ်။

ဒါဏ်ရာက ပျောက်ကင်းစ ပြုနေပြီ ဖြစ်တဲ့ ငွေရောင်ငှက်ကလေးက အိမ်ကနေ ထွက်ခွာဖို့ အတွက် သစ်ခုတ်သမားဆီ သွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြ ခဲ့တယ်။

သီချင်းသံ ပြီးတော့ သစ်ခုတ်သမားက ငှက်ကလေးကို ပြောတယ်။ "ငွေရောင်ငှက်ကလေးရဲ့ အသံက ကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့ မီမှာ မဟုတ်ပါဘူး။ အမွှေးအတောင်တွေက လှပေမယ့် ရွှေရောင်ငှက်လောက်တော့ လှမှာ မဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။

ငှက်ကလေးက ကျေးဇူးတင်တဲ့ အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ် လှည့်ပါတ် ပျံသန်းပြီး နေဝင်တဲ့ အနောက်အရပ်ဆီ ပျံသန်းသွားပါတယ်။

ငွေရောင်ငှက်ကလေး ပျံသန်းတာကို ကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသ ဖြစ်နေရတဲ့ အိပ်မက်ထဲက ရွှေရောင်ငှက်ကလေး ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရပါတယ်။

သူအမြဲ တောင့်တနေရတဲ့ ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲ ရှိနေခဲ့တာကို သူ မသိခဲ့ဘူး။ ငှက်ကလေး ကတော့ အနောက်အရပ်ဆီ ပျံသန်း ပျောက်ကွယ်သွား ပါပြီ။

တကယ်တော့ ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာ အနာတရ ဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင် ပြောင်းနေခြင်း ဖြစ်ပြီး နေပြန်ကောင်း လာတဲ့အခါ နေရောင်အောက် ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေး အဖြစ် ပြန်ပြောင်းသွားတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာက တန်ဖိုးမရှိဘူး ထင်နေပါသလား။ ကိုယ်ရရှိထားတဲ့ ဘဝက အဖိုးမတန်ဘူး ထင်နေပါသလား။ ကိုယ့်အနားမှာ ရှိတဲ့ အဖိုးတန်တဲ့ အရာတွေဟာ တန်ဖိုးမရှိဘူးလို့ ထင်နေပါသလား။ ဒါဆို မိတ်ဆွေဟာ သစ်ခုတ်သမားလို အတွေးမျိုး ဝင်နေတဲ့သူ ပါပဲ။

ကိုယ့်အနားမှာ ရှိနေတဲ့ အရာတခု အဝေးရောက်သွားမှ နှမျောတသ မဖြစ်ပါစေနဲ့။ ကိုယ့်အိမ်မက်ထဲက အရာက လက်တွေ့မှာထက် ပိုသာနေတယ်လို့လည်း မတွေးထင်ပါနဲ့။

တကယ်တော့ သစ်ခုတ်သမားလို အိပ်မက်ထဲက အရာက ဘေးမှာ ရှိနေတဲ့အရာထက် ပိုသာတယ်လို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။

ကိုယ့်အနားမှာရှိတဲ့ မိဘ ဆွေမျိုး၊ ချစ်သူ၊ လင်ယောက်ျား၊ မိန်းမ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ။ အမေကျော်ပြီး ဒွေးတော် လွမ်းတာဟာ အနားမှာ တန်ဖိုးရှိတဲ့ အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တ ရတတ်တာမျိုးပါ။ လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့ အနားမှာ ရှိတဲ့အရာတွေကို တန်ဖိုးထားနိုင် ကြပါစေ။ သက်တန့်ချို

Post a Comment

0 Comments