ချမ်းသာပြီးသား ပုဂ္ဂိုလ်

တခါက ဆင်းရဲတဲ့ မိသားစု တခုမှာ ၁၀ နှစ် အရွယ် သားလေးတယောက် ရှိသတဲ့။ တနေ့မှာ အဲဒီ သားလေးက သူ့အဖေကို မေးတယ်။ "အဖေ သားကြီးလာရင် ချမ်းသာအောင် ဘယ်လို လုပ်ရမလဲဟင်"

သူ့အဖေက တသက်လုံး ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေလုပ်လာခဲ့ပြီး အမြဲ ပိုက်ဆံ မရှိတဲ့သူ ဆိုတော့ ဘယ်လို ဖြေရမလဲ မသိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ "သားရယ် မင်းက ခုကတည်းက ချမ်းသာပြီးသား ပါကွာ" လို့ပဲ ဖြေလိုက်တယ်။

တနှစ် ကြာသွားတယ်။ သူတို့ မိသားစုလည်း ဆင်းရဲမြဲ ဆင်းရဲတုန်းပဲ။ သူ့သားလေးက အဖေကို ထပ်မေး ပြန်တယ်။ "အဖေ သားကြီးလာရင် ချမ်းသာအောင် ဘယ်လို လုပ်ရမလဲ"

သူ့အဖေကလည်း မဖြေတတ်တာမို့ "မင်းက ခုကတည်းက ချမ်းသာပြီးသား ပါကွာ" လို့ ဖြေပြန်တယ်။ ဆယ်နှစ် ကြာသွားတယ်။ သူတို့ မိသားစုက အရင်လိုပဲ။ ဆင်းရဲတုန်းပဲ။

ဒီအချိန်မှာတော့ သားလေးက အသက်လည်း ရလာသလို သူ့အဖေက သူ့ကို လိမ်ပြီး ဖြေနေတာပဲ ဆိုတာ နားလည်လာပြီ။ အဲဒါကြောင့် သူ့အဖေကို အဲဒီ မေးခွန်း ထပ်မမေးတော့ဘူး။ သူကိုယ်တိုင်လည်း အလုပ် လုပ်ရမယ့် အချိန် ရောက်လာပြီလေ။

အဲဒါနဲ့ သူ အလုပ် ထွက်ရှာတယ်။ အကြိမ်ပေါင်းများစွာ အငြင်း ခံရပြီး နောက်ပိုင်းမှာ အလုပ်တခု ရဖို့ မလွယ်မှန်း သူသိလာတယ်။ ဒါပေမယ့် သူ ဇွဲမလျှော့ဘူး။ သူလိုချင်တဲ့ အလုပ် ရဖို့ သူကြိုးစားတယ်။

တနှစ် အကြာမှာတော့ သူ အလုပ်ရတယ်။ သူအရမ်း ပျော်တယ်။ အဲဒီ အချိန်မှာ သူ့အဖေက သူ့ကို မေးတယ်။ "သား မင်းက အရင် ကတည်းက ချမ်းသာပြီးသား ဆိုတာ အခု ယုံပြီလား" တဲ့။

အဲဒီလို အမေးခံရတော့ သားဖြစ်သူလည်း စိတ်ဆိုးသွားပြီး "အဖေ မဟုတ်တာတွေ ပြောမနေနဲ့။ ကျနော့်ကို ကလေး မှတ်နေလား။ ကျနော်တို့ ဆင်းရဲတာ ကျနော် သိတယ်" လို့ ပြန်ပြောလိုက်တယ်။

အဲဒါနဲ့ သူ့အဖေက "သား မင်း အလုပ် မရခင် တနှစ်လောက် ရုန်းကန် နေရတုန်းက မင်းဘာလို့ ဇွဲမလျှောတာလဲ" လို့ မေးတယ်။

သူက "အဖေ ကျနော်က ကြိုးစားနေရင် အနှေးနဲ့ အမြန် တချိန်ချိန်တော့ အလုပ်ရမှာပဲ လို့ ယုံကြည်တယ်။ ဒါကြောင့် ကျနော် ဆက်ကြိုးစားခဲ့တာ" လို့ ဖြေတယ်။

သူ့အဖေက "သား မင်းက ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို အားကိုးပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်။ ဇွဲကြီးတယ်။ ဒါတွေက ငွေနဲ့ ဝယ်လို့ မရတဲ့ မင်းရဲ့ ကြွယ်ဝချမ်းသာမှု တွေပဲ။

ဒါကြောင့် မင်းကို အဖေက မင်းအရင်ကတည်းက ချမ်းသာပြီးသားပါ လို့ အမြဲ ပြောခဲ့တာပေါ့။ ငါ့သား မင်းက ချမ်းသာပြီးသား ပါကွာ" Crd

Post a Comment

0 Comments