အရူးတွေကြားက အရူး

ရှေးအခါက တိုင်းပြည်တပြည်မှာ မိုးခေါင်ရေရှား ဖြစ်ကာ ရေအလွန် ရှားပါးသော အချိန် ဖြစ်လေ၏။ ထိုအခါ ပညာရှိ သုခမိန်အမတ်ကြီးမှ

"မှန်လှပါ အရှင်မင်းကြီး တိုင်းပြည်မှာ မိုးခေါင်ရေရှား ဖြစ်နေပါသည်။ သို့ပါသော်လည်း မနက်ဖြန် နေမွန်းတည့်ချိန် မှစ၍ မိုးကြီးလေကြီး ရွာသွန်း ပါလိမ့်မယ် ဘုရား"

"အင်း ကြားရတာ ဝမ်းသာအားရ ရှိတော်မူ လိုက်တာကွယ်"

"ဒါပေမယ့်လည်း ထိုမိုးရေဟာ အချိန်အခါ မဟုတ် ရွာသွန်းသော မိုးရေ ဖြစ်ပါသဖြင့် သောက်သုံးသော သူကို အဆိပ်သင့်နိုင်ကြောင်း ပါဘုရား"

"ဟေ ဒါဆို ဘယ်လို လုပ်ကြမတုန်း အမတ်ကြီးရဲ့"

"မှန်လှပါ ထိုမိုးရေအား တိုင်းသူပြည်သားတို့ မသောက်သုံးစေရန် အမိန့် ထုတ်ပြန်သင့်ကြောင်းပါ ဘုရား"

"ကောင်းပြီ အခုချိန်မှ စ၍ ငါကိုယ်တော်မြတ် အမိန့်တော် မှတ်မယ်။ မနက်ဖြန် ရွာမည့် မိုးရေအား အဆိပ်သင့်နိုင်သည့် အတွက် မည်သူ တဦးတယောက်မျှ မသောက်သုံး စေရန် တတိုင်းပြည်လုံးအား ကျေညာ မောင်းခတ်စေ"

"မှန်လှပါ အမိန့်တော်မြတ် အတိုင်းပါ ဘုရား"

အမတ်ကြီး ဦးဆောင်၍ တတိုင်းပြည်လုံးအား ကျေညာ မောင်းခတ် လေတော့သည်။ သို့သော်လည်း တကယ်တမ်း မိုးရွာသွန်းသော အခါ၌မူ

"ဟာ မိုးရွာပြီဟ လာကြ လာကြ။ သောက်ဖို့ သုံးဖို့ အတွက် ရေခံထားမှ ဖြစ်မယ် ဆိုပြီး တတိုင်းပြည်လုံး ထိုမိုးရေအား သောက်သုံးမိ သောအခါ အဆိပ်သင့်၍ အကုန် ရူးကုန်တော့သည်။

ထိုမိုးခါးရေအား မသောက်တာ ဆိုလို့ ဘုရင်နှင့် အမတ်ကြီးသာ ဖြစ်လေသည်။ "အမတ်ကြီး ဘယ်လို ဖြစ်ကုန်ကြတာလဲ" "မှန်လှပါ မိုးခါးရေအား သောက်သုံးမိ၍ တတိုင်းပြည်လုံး ရူးကုန်ကြတာပါ ဘုရား"

အရူးတွေ ကြားမှာ ဘုရင်နှင့် အမတ်ကြီးအား တတိုင်းပြည်လုံးက အရူး အရူး ဟုသာ ခေါ်ကုန်ကြလေ တော့သည်။

"ကဲ အမတ်ကြီး ဘယ်လို လုပ်ကြမလဲ။ အခု အကုန်ရူးပြီး တို့နှစ်ယောက်သာ ကျန်တော့တယ်။ အရူးတွေက တို့ကို ပြန်ပြီး အရူးလို့ ခေါ်ကုန်ကြပြီ။

ဒီအတိုင်း နေလို့တော့ မဖြစ်တော့ဘူး။ အရူးတွေ ကြားမှာ တို့နှစ်ယောက်ထဲ ကောင်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ဒီတော့ တို့လည်း အများနည်းတူ မိုးခါးရေ သောက်ပြီး ရူးလိုက် ကြရအောင် ဒါမှ တို့ အတူနေလို့ အဆင်ပြေမှာ"

ထိုအခါအမတ်ကြီးမှ "မှန်လှပါ စဉ်းစားတော်မူပါဦး ဘုရား။ ကျွန်တော်မျိုးတို့ဟာ ဒီအရူးတွေနဲ့ အခုချိန်မှာ အဆင်မပြေ တာကို သည်းခံသင့်ပါတယ် ဘုရား။ အခုလက်ရှိ ရူးသွပ်နေကြသူ တွေကို ပြန်ကောင်းလာအောင် ကျွန်တော်မျိုးတို့ မတတ်စွမ်း ပေမယ့် နောက်ထပ် မွေးဖွားလာမယ့် မျိုးဆက်သစ်လေး တွေကို သူတို့လို မရူးသွပ်ရ လေအောင် ထိန်းသိမ်းလို့ ရပါတယ် ဘုရား။

မျိုးဆက်သစ်တွေ များလာပြီး အရူးတွေ တဖြည်းဖြည်း ကုန်လာရင် အရူးမျိုးဆက်လည်း ရှိလာမှာ မဟုတ်တော့ပါဘူး ဘုရား။ ဒီလိုမှ မဟုတ်ပဲ အရှင်မင်းကြီး ပြောသလို ကျွန်တော်မျိုးတို့ပါ မိုးခါးရေ သောက်လိုက်မယ် ဆိုရင် အကုန်ရူးပြီး အရူးမျိုးဆက်သာ ကျန်ရစ်နေတော့မှာပါ ဘုရား"

"အင်း မှန်ပေသားပဲ အမတ်ကြီး။ ယနေ့မှ စ၍ လက်ရှိ ရူးနေကြသူများအား ရှိစေတော့။ နောက် မျိုးဆက်သစ်လေးတွေ အရူးမျိုး မဖြစ်ရလေအောင် ထိန်းသိမ်းကြပါစို့ အမတ်ကြီးရေ"

ဒီပုံပြင်ကို ကြားဖူးကြမှာပါ။ ဒါကြောင့်လည်း မကောင်းတဲ့သူတွေ ကြားမှာ ငါတယောက်တည်း ကောင်းနေလို့ ဘာထူးမှာလဲ ဆိုပြီး မတွေးလိုက်ပါနဲ့။

လက်ရှိ မိုက်နေတဲ့ သူတွေကို ပြုပြင်ဖို့ မလွယ်ကူပေမယ့် နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေအတွက် လူကောင်းသူကောင်းလေးတွေ ဖြစ်အောင် လမ်းပြနိုင် ပါလိမ့်မယ်။ ဒါကြောင့်လည်း ရှေးပညာရှိများက အများမိုးခါးရေ သောက်တိုင်း ကိုယ်ပါ လိုက်မသောက်နဲ့လို့ ဆိုဆုံးမခဲ့ ကြတာပေါ့။ Crd

Post a Comment

0 Comments