အရူးတွေကို အကြံမပေးပါနဲ့

တခါတုန်းက သရက်ပင်ကြီး တပင်မှာ ငှက်တွေ အများကြီး အသိုက်လုပ် နားခိုကြ ပါတယ်။ သရက်ပင်က ကြီးမားတဲ့ အတွက် ငှက်တွေ အများကြီးဟာ လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင် ကြပါတယ်။

မိုးတွင်း မရောက်ခင်မှာ တောထဲက တိရိစ္ဆာန် တော်တော် များများက သူတို့ရဲ့ နေထိုင်ရာ အသိုက်အမြုံ တွေကို လုံခြုံအောင် ပြုပြင်ကြ ပါတယ်။ အစားအစာ တွေလည်း စုဆောင်း သိုလှောင် ကြပါတယ်။

ငှက်တွေ ကလည်း သူတို့ရဲ့ အသိုက်ကို ပိုပြီး လုံခြုံအောင် ပြင်ဆင်ကြ၊ အစားအစာတွေ သိုလှောင်ပြီး အသိုက်ထဲ စုဆောင်းထားကြ ပါတယ်။ မိုးတွင်း ရောက်လာတဲ့အခါ ငှက်တွေက အသိုက်ထဲမှာပဲ လုံခြုံစွာ နေထိုင်ပြီး အပြင်မထွက်ကြ တော့ပါဘူး။

မိုးသည်းထန်စွာ ရွာနေတဲ့ တနေ့မှာတော့ မျောက်တကောင်က အဲဒီ သရက်ပင်ကြီးဆီကို ရောက်လာ ပါတော့တယ်။ တကိုယ်လုံး စိုရွှဲနေပြီး ချမ်းတုန်နေတဲ့ မျောက်ကို ငှက်ကလေးတွေက ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြပါတယ်။

အဲဒါနဲ့ပဲ မျောက်ကလေးကို မေးလိုက် ပါတယ်။ "ငါတို့ အားလုံးရဲ့ အသိုက်လေးတွေက မင်းကို မိုးမစိုအောင် မလုပ်ပေးနိုင် ကြလို့ စိတ်မကောင်း ပါဘူး။

ငါတို့ အားလုံး မိုးတွင်း မရောက်ခင်မှာ နေဖို့ စားဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထား ကြတယ်။ မင်းကော ပြင်ဆင်ထားခဲ့ သင့်တယ်။ အဲဒါဆို ဒီလိုဖြစ်မှာ မဟုတ်ဘူး" လို့ စိတ်မကောင်းစွာ အကြံပေး လိုက်ပါတယ်။

စေတနာနဲ့ ပြောလိုက်တဲ့ ငှက်ကလေးတွေရဲ့ စကားကို ကြားတဲ့ မိုက်မဲတဲ့ မျောက်ဟာ ဒေါသတကြီးက "ငါ့ကို ဘာလုပ်ရမယ် လို့ ဆရာ မလုပ်နဲ့" လို့ ပြောတယ်။

ထို့နောက်မှာတော့ ရူးသွပ်မိုက်မဲတဲ့ မျောက်ဟာ ဒေါသတကြီးနဲ့ ငှက်ကလေးတွေရဲ့ အသိုက်တွေကို ဖျက်ဆီးပြီး မီးရှို့ကာ မီးလှုံနေ ပါတော့တယ်။

သနားစရာ ကောင်းတဲ့ ငှက်ကလေးတွေက ရူးသွပ်ပြီး စဉ်းစာဉာဏ် မရှိတဲ့ မျောက်တကြောင့် အားလုံး ပျက်စီးရ ပါတော့တယ်။

ငှက်ကလေးတွေက "မိုက်ရူးရဲဆန်သူ တွေကို ဘယ်လောက်ပဲ စေတနာနဲ့ အကြံပေးပါစေ စေတနာကို တန်ဖိုး မထားတတ်ကြဘူး" လို့ သင်ခန်းစာ ပေးလိုက်တာ ဖြစ်ပါတယ်။ BAWA

Post a Comment

0 Comments