အဖေ့မေတ္တာ

မနက် ၆ နာရီ ဆေးခန်း မဖွင့်ခင် ကျနော့် ဆေးခန်းကို သားဖ နှစ်ယောက် လာတယ်။

"ဆရာ အစောကြီး လာရတာ အားတော့ နာပါတယ်။ ဒါပေမယ့် ကလေးက အပူကြီး နေလို့ပါ"

"ဟုတ် ရပါတယ်။ ကလေးကို ကုတင်ပေါ် တက်ခိုင်း လိုက်ပါ"

ထိုလူက ၁၃ နှစ် အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယနဲ့ ပွေ့ချီပြီး ကုတင်ပေါ် တင်ပေးတယ်။ ကလေးကို ကျနော် စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာတွေ တွေ့ရတယ်။

ကလေး အသက်က ၁၃ နှစ် ပါ။ လိုအပ်တဲ့ ဆေးထိုးပေး၊ သောက်ဆေးတွေ ပေးပြီးတဲ့ အခါ

" ဆရာ ဆေးဖိုး ဘယ်လောက် ကန်တော့ရမလဲ"

တကယ်တော့ သောက်ဆေး သုံးရက်စာ ပေးလိုက်တာ။ သောက်ဆေး သုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။ ဒါပေမယ့် သူတို့ ကြည့်ရတာ အဆင်ပြေပုံ မရပါဘူး။

"နှစ်ထောင် ကျပါတယ်"

"ဟုတ် ဆရာ။ တော်သေးတယ်။ ကျနော့်မှာလည်း နှစ်ထောင် ကွက်တိပဲ ပါတာ"

ကျနော်က ခေါင်းညိတ်ရင်း ပြုံးပြတော့ ထိုလူက

"ဟိုလေ ဆရာ။ ဟိုလေ"

"ဟုတ်။ ပြောပါ"

"ကျနော့်ကို အကိုက်အခဲ ပျောက်ဆေး တလုံးလောက် ပေးပါ့လား။ ညောင်းကိုက်နေ လို့ပါ"

အနောက်မှာ လူနာရောက်လာလို့ သူ့ကို ဘာစကားမှ မပြောဖြစ်တော့ဘဲ အကိုက်အခဲ ပျောက်ဆေး တလုံး ပေးလိုက်တယ်။

ည ၈ နာရီကျော် ဆေးခန်း ပိတ်ပြီးတဲ့ အချိန်မှ ထိုလူနဲ့ ကလေးတယောက် ကျနော့် ဆေးခန်းကို ပြန်ရောက်လာတယ်။

"ဆရာရေ။ မနက်က သားကြီး။ အခုက သားငယ်။ သားငယ်က မနက်က သိပ်မဖျားသေးဘူး။ အခုမှ အရမ်း ပူလာလို့"

ကလေးကို လိုအပ်တာတွေ စမ်းသပ်၊ ဆေးထိုး၊ သောက်ဆေး ပေးပြီး သကာလ ထိုလူက

"ဆရာ ဆေးဖိုး ဘယ်လောက် ကန်တော့ရ မလဲ"

"နှစ်ထောင် ကျပါတယ်"

ဆေးထုပ်လေးတွေ ထိုလူ့ကို လှမ်းအပေး။ သူကလည်း လှမ်းယူပြီး ဆေးဖိုး ပြန်ပေးရင်း

"ဒါနဲ့ ဆရာ။ မနက်ကပေးတဲ့ အကိုက်အခဲ ပျောက်ဆေးလေး တလုံးလောက် ကျနော့်ကို ပြန်ပေးပါဦး"

အကိုက်အခဲပျောက်ဆေး ဆိုတာ မကြာခဏ မသောက်ရဘူးလို့ ကျနော် ပါးစပ်က ပြောမယ် ကြံတုန်း ကျနော်လက်နဲ့ သူ့လက် ထိလိုက်မိစဉ် ခဏ တစုံ တခုကို ကျနော် သတိထားမိ သွားတယ်။

"ဟာ ခင်ဗျားကိုယ်တွေ ခြစ်ခြစ်တောက် ပူနေတာပဲ။ နေမကောင်းဘူးလား"

ထိုလူ့ မျက်ဝန်းတွေက မှိုင်းညို့သွားတယ်။ တစုံတခုကို ပြောဖို့ ဆွံ့အနေပုံ ရတယ်။ ၁၀ နှစ်အရွယ် ကလေးငယ်က မဝံ့မရဲ နဲ့ စကား ဝင်ပြောတယ်။

"အဖေလည်း ဖျားနေတာ ဆရာ။ ဆေး"

"အငယ်ကောင် တော်စမ်း။ ကလေးက ကလေး နေရာနေ"

ထိုလူက သူ့သားကို အော်တော့ ကလေးငယ်က ပြောလက်စ စကားတန်းလန်းနဲ့ စကားဆက် မပြောတော့ဘူး။

"ကလေးကို မအော်ပါနဲ့ဗျ။ ပြောသား ဘာဖြစ်လို့လဲ။ မကြောက်နဲ့ ပြော"

ကလေးငယ်က သူ့အဖေကို ကြည့်တယ်။ ထိုလူက ကျနော် ဝင်ပြောထားတော့ သူ့သားကို ဘာမှ ထပ်မပြော တော့ဘူး။

"ပြောလေ သား"

"အဖေ ဖျားနေတာ သုံးရက် ရှိပြီ ဆရာ။ မနက်က ကိုကြီး ထိုးပေးဖို့ ဆေးဖိုးပဲ ရှိလို့ ကိုကြီးကို အရင်ဆုံး ဆေးလိုက် ထိုးပေးတာ။ ဒီနေ့ တောကအပြန် နှမ်းရိတ်လို့ ရတဲ့ ပိုက်ဆံနဲ့မှ သားကို ဆေးလိုက် ထိုးပေးတာ"

အို တကယ်ပါ။ ကျနော် မျက်ဝန်းက မျက်ရည်တွေ အလိုလို ကျလာတယ်။ နေမကောင်းတဲ့ ကလေးငယ်ကို ဆေးထိုးပေးဖို့ အပြင်း ဖျားနေတဲ့ အဖေက တနေကုန် နှမ်းရိတ် နေခဲ့တယ် တဲ့လား။ အဖေ့ မေတ္တာ ဆိုတာ။

ကလေးတွေ ကံကောင်းလိုက်တာ။ စည်းစိမ်ဥစ္စာ မချမ်းသာပေမယ့် မေတ္တာတရား ကြွယ်ဝတဲ့ ဒီလိုအဖေမျိုးကို ပိုင်ဆိုင်ခွင့် ရထားတယ်။ မေတ္တာတရား ကြီးမားတဲ့ အဖေတယောက်ကို အခမဲ့ ဆေးကုသပေးခွင့် ရခဲ့တဲ့ ကျနော်လည်း ကလေးများနည်းတူ ကံကောင်းခဲ့ ပါတယ်။ ဟမ်စိုင်း (ဆေး- မန်း)

Post a Comment

0 Comments