လယ်သမားကြီးနှင့် စိန်တွင်း

တခါက အာဖရိကမှာ ရှိတဲ့ ရွာလေးတရွာမှာ လယ်သမား တဦး နေထိုင်တယ်။ သူဟာ လယ်မြေ အများအပြားကို ပိုင်ပြီးတော့ သူ့လယ်မှာပဲ လယ်လုပ်ရင်းနဲ့ ပျော်ရွှင်စွာ နေထိုင်တယ်။

တနေ့တော့ သူ့ဆီကို ခရီးသွား တယောက် ရောက်လာပါတယ်။ သူကလည်း ဧည့်ခံ ကျွေးမွေး လိုက်တယ်။ ခရီးသွားက "တကယ်လို့ မင်းမှာသာ လက်မ အရွယ်လောက် စိန်တလုံး ရှိရင် မင်းဟာ မြို့တမြို့ ကိုတောင် ပိုင်နိုင်တယ်။

တကယ်လို့ မင်းမှာသာ လက်သီးဆုပ်လောက် စိန်ရှိရင် မင်းဟာ နိုင်ငံ တနိုင်ငံလောက် ပိုင်နိုင်ပါရဲ့" လို့ ပြောသွားတယ်။

အဲဒီညက စပြီး လယ်သမား မအိပ်နိုင် တော့ပါဘူး။ သူဟာ စိန်ကို အလွန် စိတ်ဝင်စားတယ်။ အဲဒါနဲ့ စိန်တွေကို လိုက်ရှာဖို့ကြိုးစားတယ်။ စိန်ရှိတဲ့ နေရာတွေကို လိုက်လံ စုံစမ်းပြီး စိန်နောက် လိုက်ခဲ့သတဲ့။

သူဟာ အာဖရိကကနေ တောင်အမေရိကမှာ စိန်တွေ ထွက်တယ် ဆိုတဲ့ သတင်းကြားတော့ တောင်အမေရိကထိ ရှိတဲ့ ပစ္စည်းလေးတွေ ရောင်းပြီး သွားတူးပေမယ့် စိန်မရပါဘူး။

နောက်တော့ ဥရောပ အလယ်ပိုင်းမှာ စိန်ထွက်တယ် ဆိုတာ ကြားတော့ လိုက်ရှာဖို့ သွားပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ စိန်ရှာရင်း ရှာမတွေ့တဲ့ အခါမှာ စိတ်ထောင်းကိုယ်ကြေ ဖြစ်ပြီးတော့ အဲ့ဒီစိတ်နဲ့ပဲ ဆုံးသွားရှာတယ်။

သူဟာ မကွယ်လွန်ခင်မှာ တောင်အာဖရိကက သူ့အိမ်ကို စာရေး ပို့လိုက်တယ်။ စာထဲမှာတော့ "ငါ့သား ငါသေပြီ။ တကယ်လို့ မင်းများ စိန်တွေ ထွက်တဲ့ တွင်းကို ရှာဖွေ တွေ့ခဲ့ရင် ငါ့နာမည် ပေးလိုက်ပါကွာ" လို့ ရေးပေးလိုက် သတဲ့။

၂ နှစ်လောက် အကြာမှာတော့ စပိန်တွေ အာဖရိကကို ရောက်လာပြီးတော့ လယ်သမားရဲ့ အိမ်မှာ တည်းခိုတယ်။ အဲဒီအချိန်မှာ လယ်သမားရဲ့ သားဟာ ကုလားအုပ်တကောင် သေသွားတဲ့ အတွက် ကုလားအုပ်ကို မြှပ်ဖို့ တောင်ခြေမှာ တွင်းတူးပါတယ်။

အဲဒီအခါမှာ တွင်းထဲက ထွက်လာတဲ့ အကြည်ရောင် ကျောက်တွေကို စပိန်တွေက တွေ့ပြီးတော့ ဒါဟာ စိန်တွေ ဆိုတာကို သိသွားကြတယ်။

တကယ်တော့ လယ်သမား ပိုင်တဲ့ လယ်ကွင်းရဲ့ အောက်ခြေမှာ စိန်တွင်း အကြီးကြီး ရှိနေတာ ဖြစ်ပါတယ်။ လယ်သမားရဲ့ သားဟာ အလွန် ချမ်းသာတဲ့ သူဌေးကြီး ဖြစ်သွားပြီးတော့ အဲဒီစိန်တွင်းကို သူ့အဖေရဲ့ နာမည် ပေးလိုက်ပါသတဲ့။

အလုပ်တခုကို လုပ်တော့မယ်ဆိုရင် အရင်ဆုံး လေ့လာ စူးစမ်း သင့်ပါတယ်။ နောက်ပြီး ဘယ်အရာမဆို ကိုယ်နဲ့ ထိုက်တန်မှသာ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments