သာတူညီမျှစိတ်ဓာတ်

တခါက မောင်မြနဲ့ မောင်လှ ဆိုတဲ့ ညီအကို နှစ်ယောက် ရှိကြတယ်။ သူတို့ ၂ ယောက်ရဲ့ ဖခင်ကြီး ဆုံးသွားတဲ့ အခါမှာတော့ သားနှစ်ယောက်ကို အမွေအဖြစ် နွားတကောင်နဲ့ သစ်ပင်တပင် ပေးခဲ့ပါတယ်။

မောင်မြက အတ္တကြီးပြီး သူ့ဖို့ပဲ စဉ်းစားတယ် အငယ်ကို ညှာတာလေ့ မရှိဘူး။ မောင်လှ ကတော့ ရိုးသားပြီး စိတ်သဘောထား ကောင်းတဲ့သူ ဖြစ်တယ်။ တနေ့တော့ မောင်မြက မောင်လှကို ပြောတယ်။

"အဖေလည်း ဆုံးပြီ ဆိုတော့ တို့ ၂ ယောက်မှာ နွားတကောင်နဲ့ သစ်ပင်တပင် ပိုင်ဆိုင်တယ်။ ဒီတော့ နွားရဲ့ နောက်ပိုင်းကို ငါ့ပိုင်ဆိုင်မှု အဖြစ် သတ်မှတ်ပြီး နွားရဲ့ အရှေ့ပိုင်းကိုတော့ မင်းယူပါ။

အဲဒီလိုပဲ သစ်ပင်ရဲ့ အပေါ်ပိုင်းကို ငါ့ပိုင်ဆိုင်မှု အဖြစ်သတ်မှတ်ပြီး သစ်ပင်ရဲ့ အောက်ပိုင်းကိုတော့ မင်းယူပါ" လို့ မောင်လှကို ပြောလိုက်တယ်။

မောင်လှကလည်း အကိုကြီး မောင်မြ ပြောတဲ့အတိုင်း သဘောတူ ခဲ့တယ်။ ဒီလိုနဲ့ မောင်လှဟာ နွားကို သေသေချာချာ ကျွေးမွေး ပြုစုတဲ့အတွက် နွားဟာ ဝဖြီးလာပြီး နို့ထွက်လည်း ကောင်းလာခဲ့တယ်။

မောင်မြကတော့ နေ့စဉ် နွားနို့ကို ညှစ်ပြီး ပိုက်ဆံတွေ အမြောက်အများ ရရှိခဲ့တယ်။ ဒါပေမယ့် သူ့ညီ မောင်လှကိုတော့ ဘယ်တော့မှ ခွဲဝေမပေးခဲ့ဘူး။ မောင်လှက မောင်မြဆီက တောင်းတယ်။

"နွားနို့က ရတဲ့ ပိုက်ဆံတွေ ကျွန်တော့်ကိုလည်း တဝက်ပေးပါ"

အဲဒီတော့ မောင်မြက ပြောတယ်။ "ငါတို့ အစကတည်းက သဘောတူခဲ့ ပြီးသားပဲလေ။ နွားအနောက်ပိုင်းကို ငါပိုင်တဲ့ အတွက်ငါပဲ ရသင့်တယ်"

အဲဒီအဖြစ်ကို မြင်သွားတဲ့ ပညာရှိ အဖိုးအိုတဦးက မောင်လှကို အကြံပေး ခဲ့တယ်။

ဒီလိုနဲ့ နောက်တရက်မှာ မောင်မြက ထုံးစံအတိုင်း နွားရဲ့ အနောက်မှာ နွားနို့ ညှစ်ယူနေ ပါတယ်။ မောင်လှက အစာ ကျွေးနေရင်း နွားကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။ နွားက လန့်ပြီး နောက်မှာ ရှိတဲ့ မောင်မြကို ကန်လိုက် ပါတော့တယ်။ အဲဒီအခါ မောင်မြက ပြောတယ်။

"ဘာလို့ နွားကို ရိုက်လိုက်တာလဲ။ ငါအနောက်မှာ နွားနို့ညှစ်နေတာ မတွေ့ဘူးလား"

"တွေ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်နွား အရှေ့ပိုင်းကို ကျွန်တော် ကြိုက်တာလုပ်ခွင့် ရှိပါတယ်။ ဟုတ်တယ် မဟုတ်လား" လို့ ပြန်မေးလိုက်တဲ့ အခါ မောင်မြလည်း ဘာမှ မတတ်နိုင်တော့ပဲ နွားနို့ ရောင်းလို့ရတဲ့ငွေ တဝက်ကို ခွဲပေးပါ့မယ် လို့ ကတိပေးလိုက် ရပါတော့တယ်။

မောင်လှက ပြောတယ်။ "ပိုက်ဆံ ခွဲပေးယုံတင် မကဘူး နွားသန့်ရှင်းရေး လုပ်တာ အစာကျွေးတာက အစ ၂ ယောက် အတူတူညီတူညီမျှ လုပ်ရပါမယ်" မောင်မြလည်း သဘောတူ လိုက်တယ်။

ဒီလိုနဲ့ မောင်မြဟာ သူတို့ ၂ ယောက် ပိုင်ဆိုင်တဲ့ သစ်ပင်ကြီး အပေါ်ပိုင်းမှာ အချိန်တန် တဲ့အခါ သစ်သီးသစ်ဥတွေ အများကြီး သီးလာ ပါတော့တယ်။

အဲဒီသစ်သီး သစ်ဖုတွေ ကနေ မွှေးကြိုင်တဲ့ ရနံ့တွေ ထွက်ပေါ်နေ ပါတယ်။ အဲဒီသစ်ပင် အပေါ်ပိုင်းက ရတဲ့ သစ်သီးဝလံ တွေကို မောင်မြက နေ့စဉ် ယူပြီး သွားရောင်းတဲ့ အတွက် ငွေအမြောက်အမြား ရရှိပါတယ်။

မောင်လှက မောင်မြဆီက တောင်းတယ်။

"ကျွန်တော့်ကိုလည်း တဝက် ခွဲပေးပါ"

"မခွဲပေးနိုင်ပါဘူး။ သစ်ပင် အပေါ်ပိုင်းကို ငါပိုင်တယ်လို့ သတ်မှတ်ထားတာ ပဲလေ။ ငါပဲ ရသင့်တယ်" သူတို့ အဖြစ်ကိုမြင်တဲ့ ပညာရှိအဖိုးအိုကပဲ မောင်လှကို အကြံတခုပေးလိုက် ပြန်တယ်။

နောက်တနေ့ ရောက်တဲ့အခါ မောင်မြက ထုံးစံအတိုင်း သစ်ပင်ပေါ် တက်ပြီး သစ်သီတွေ ခူးနေတယ်။ အဲဒီအခါ မောင်လှက အောက်နေပြီး သစ်ပင်ခြေရင်း ကနေ လွှနဲ့ တိုက်ဖြတ် ပါတော့တယ်။ မောင်မြက လှမ်းမေးတယ်။ "မင်းဘယ်လို လုပ်နေတာလဲ ငါသစ်ပင်ပေါ်မှာ ရှိနေတာ မမြင်ဘူးလား"

"မြင်ပါတယ် သစ်ပင်အောက်ပိုင်းက ကျွန်တော်ပိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော်စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်" လို့ ပြန်ပြောလိုက်ပါတယ်။ မောင်မြလည်း အဲဒီအခါမှ သူ့အမှားသူ ပြန်မြင်ပြီး

"ငါက ဆိုးသွမ်းတဲ့ အကိုတယောက်ပါ။ မင်းအပေါ် မျှတမှု မရှိခဲ့ ပါဘူး။ အခုကစပြီး ငါတို့အတူတူ အားလုံးကို ခွဲဝေ လုပ်ကိုင် ကြပါစို့" လို့ ပြောလိုက် ပါတော့တယ်။ ကြီးနိုင်ငယ်ညှင်း စိတ်ဓါတ် ဆိုတာ ညီအကိုစိတ်ဓါတ် မဟုတ်ဘူး။ phoomyatchal

Post a Comment

0 Comments