နားထိုင်းသူများ

တခါတုန်းက နားထိုင်းတဲ့ ဆိတ်ကျောင်းသား တယောက်က ဆိတ်တွေ ပျောက်တော့ သူ့ဆိတ်တွေ တွေ့မိလားလို့ ထန်းပင်ပေါ်က ထန်းသမား တယောက်ကို လှမ်းမေးတယ်။ ထန်းပင်ပေါ်က ထန်းသမားကလည်း နားထိုင်းတော့ ဆိတ်ကို မေးတယ် မထင်ဘူး။

သူက သူ့ထန်းတွေ မေးတယ် ထင်လို့။ "အောင်မာ ဟောဒီဘက်က ထန်းတောစုက ကျုပ်ယောက္ခမ ပိုင်တာတွေ ကျုပ်ပိုင်တာ ပေါ့ဗျ" လို့ လက်ညှိုးထိုးပြီး ခပ်ကြွားကြွား ပြန်ပြောတယ်။

ဒါကို ဆိတ်ကျောင်းသား နားထိုင်းက အဲ့ဒီဖက်မှာ ရှိတယ် လို့ ပြောတယ် ထင်ပြီး ရှာတော့ ကံအားလျှော်စွာပဲ သူ့ဆိတ်အုပ်ကိုပြန်တွေ့တယ်။

အဲဒါနဲ့ ထန်းသမားကြောင့်သာ သူ့ဆိတ်တွေ ပြန်ရတယ်။ သူ့ကျေးဇူး ရှိတယ် ဆိုပြီး ဆိတ်ကျိုးလေး တကောင် လက်ဆောင်ပေးဖို့ ယူလာတယ်။ ပြီးတော့ ဆိတ်ကလေး လက်ဆောင် ပေးချင်လို့ ထန်းပင်ပေါ်က ဆင်းခဲ့ဖို့ အော်ပြောတယ်။

ဒါပေမယ့် ထန်းသမား နားထိုင်းက ဘာပြောတယ် ဆိုတာ မကြားဘူး။ ဆိတ်ကို အောက်ချ လိုက်တော့ လဲသွားတဲ့ ဆိတ်ကျိုး ကိုပဲ မြင်ပြီးတော့ သူ့ခွေး ကိုက်လို့ ကျိုးတယ်လို့ ပြောတာ ထင်ပြီး

"ဟိတ်လူ ခင်ဗျားဆိတ်ကို ကျုပ်ခွေး ကိုက်တာ မဟုတ်ဖူး ကျုပ်ခွေးက ဒီထန်းပင်အောက်မှာ အိပ်နေတာ ကြာပြီဗျ" လို့ ပြန်ပြောတယ်။

ဆိတ်ကျောင်းသား နားထိုင်းကလည်း အားနာလို့ ငြင်းနေတာပဲလို့ ထင်ပြီး ဆင်းခဲ့ဖို့ အကြိမ်ကြိမ် ခေါ်တယ်။ ထန်းသမား နားထိုင်း ကလည်း သူ့ကို စွပ်စွဲတယ် ထင်ပြီး သူ့ခွေးကိုက်တာ မဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းတယ်။ နောက်ဆုံး ဘယ်လိုမှ ပြောလို့မရတော့ သူကြီးဆီ အဆုံးအဖြတ် ခံဖို့ သွားကြတယ်။

ဆိတ်ကျောင်းသား နားထိုင်းကလည်း ထန်းသမား ကျေးဇူးတွေ အတွက် ဆိတ်ကျိုးလေး လက်ဆောင် ပေးချင်တာ လက်မခံတဲ့ အကြောင်း ပြောတယ်။ ထန်းသမား နားထိုင်းကလည်း အဲ့ဒီ ဆိတ်ကျိုးတာ သူ့ခွေးကိုက်လို့မဟုတ်ကြောင်း အသီးသီး ပြောကြတယ်။

ဒါပေမဲ့ မကြာခင်ကမှ မိန်းမနဲ့ ကွဲထားတဲ့ သူကြီးနားထိုင်း ကလည်း သူ့မိန်းမနဲ့ ပြန်စေ့စပ်နေတယ် ထင်ပြီး "ခင်ဗျားတို့ ဘယ်လိုပဲ နားချနားချ ကျုပ်ကတော့ လုံးဝ ပြန်မပေါင်းနိုင် တော့ဘူးဗျာ။ ဒါပဲ ကဲ ခင်ဗျားတို့ ပြန်ကြတော့" တဲ့။

ဒီပုံပြင်လေး ကတော့ ဟာသပုံပြင် ပါပဲ။ ဒါပေမယ့် သေချာ စဉ်းစားကြည့် လိုက်ရင် ကျွန်တော်တို့ တတွေလည်း နားထိုင်း ကြပါတယ်။

ကျွန်တော်တို့ရဲ့ မိဘ ဆရာ အသီးသီးက ကျွန်တော်တို့ ဘဝရှည်ရေးအတွက် စေတနာ ထားပြီး ပြောတဲ့ စကားတွေကို ကျွန်တော်တို့ရဲ့ အတ္တ၊ မာနဆိုတဲ့ နားဖာချေးတွေ ပိတ်ပြီး အမှန်အတိုင်း မကြားနိုင် ကြပါဘူး။

ဆရာတော်ဘုရားကြီး တွေရဲ့ သံသရာက လွတ်ကြောင်း နည်းလမ်းကောင်း တရားတော်တွေ ကိုလည်း ကျွန်တော်တို့ရဲ့ အဝိဇ္ဇာ နားဖာချေးတွေကြောင့် အမှန်အတိုင်း မကြားနိုင်ကြပါဘူး။

ကျွန်တော်တို့ စိတ်ထဲမှာ စွဲနေတဲ့အတိုင်း ကြားချင်သလိုပဲ ကြားလိုက်တယ်။ ဒါပေမယ့် ယုံကြည်နေ ပါတယ်။ ကျွန်တော်တို့ နားထိုင်းတယ် ဆိုတာ ကိုယ့်ကိုယ်ကို သိပြီး လက်ခံလာ နိုင်တဲ့နေ့၊ အမှန်တရားကို တကယ် ကြားချင်စိတ် ရှိလာတဲ့နေ့ ရောက်ရင်တော့ အမှန်အတိုင်း ကြားနိုင်လာ ပါလိမ့်မယ်။

အရာရာတိုင်းကို အမှန်အတိုင်း ကြားနိုင်ဖို့၊ သိနိုင်ဖို့ အတ္တ မာနဆိုတဲ့ နားဖာချေးတွေ ပါးအောင် ကြိုးစား ရှင်းလင်းပြီး အမှန်အတိုင်း ကြားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း။ phoomyatchal

Post a Comment

0 Comments