မနိုင်ဝန် မထမ်းပါနဲ့

တခါတုန်းက လူတယောက်မှာ မြည်းနှစ်ကောင် ရှိပါတယ်။ အဲဒီ မြည်းနှစ်ကောင်ကို နာမည် ပေးရမယ် ဆိုရင် ပထမမြည်းကို မောင်နီလို့ နာမည် ပေးပြီး ဒုတိယမြည်း ကိုတော့ မောင်ဖြူလို့ နာမည် ပေးလိုက်ပါမယ်။

မောင်နီဟာ အလုပ်ကို အလွန်ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့ မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင် လိုတဲ့စိတ်၊ သူ့သခင် ဖြစ်သူရဲ့ ချီးကျူးတာကို ခံချင်တဲ့ စိတ်တွေ အမြဲရှိပါတယ်။ ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေသမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက်ကို တက်တက်ကြွကြွ အားကြိုးမာန်တက် ပြုလုပ်တယ်။

ကုန်စည်စလှယ်တွေ သယ်ပိုးကြ ပြန်တော့လည်း ဘယ်လောက် လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုးထားရသည် ဖြစ်စေ မောင်ဖြူထက် ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်းထားတွေနဲ့ အရှေ့ကို လျှောက်လေ့ ရှိပါတယ်။

ကုန်ပစ္စည်းတွေ ကိုလည်း အများကြီး သယ်သလို ခြေလှမ်းကိုလည်း အပြေးတပိုင်း သွက်လက်စွာ လှမ်းလေ့ ရှိပါတယ်။ ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို သာမန်နှုန်း အတိုင်းဘဲ ပုံမှန် လှမ်းသလို သူသယ်ပိုးနိုင်တဲ့ အတိုင်းအတာ အတွင်းမှာဘဲ ကုန်တွေကို သယ်ဆောင်လေ့ ရှိပါတယ်။

စိတ်ထဲမှာ သူ့သခင်ဆီက မျက်နှာသာ ရဖို့ ဘယ်လိုလုပ်မယ်လို့ မစဉ်းစားမိသလို၊ အတွေးများများ လည်း တွေးလေ့ မရှိဘဲ ပုံမှန်အတိုင်းသာ သူလုပ်စရာ ရှိတာကို လုပ်နေတတ်သူက မောင်ဖြူပါ။

ဒီလိုနဲ့ သူတို့ မြည်းနှစ်ကောင်ရဲ့ မတူညီတဲ့ အလုပ် လုပ်ပုံကို အချိန်အနည်းငယ် ကြာတော့ သခင်ဖြစ်သူက သတိထားမိ လာပါတယ်။ အဲဒီတော့ အလုပ်ကို ပုံမှန်သာ လုပ်လေ့ရှိတဲ့ မြည်းမောင်ဖြူကို ပိုင်ရှင် ဖြစ်သူက အပြစ်မြင်လာ ပါတယ်။

မောင်နီလိုဘဲ အလုပ်ကို တက်တက် ကြွကြွလုပ်ဖို့၊ ကုန်တွေ သယ်ပိုးပြီး ခြေလှမ်း မြန်မြန်လျှောက်ဖို့ အော်ဟစ် ဆူပူတတ်လာတယ်။ ပုံမှန်ခြေလှမ်း လှမ်းနေတဲ့ မောင်ဖြူကို နှေးတယ်၊ မောင်နီက ပိုပြီး အလုပ်လုပ်တယ် ဆိုပြီး ကြိမ်လုံးတွေနဲ့ ရိုက်နှက် အပြစ်ပေးပြီး ခြေလှမ်း မြန်လာဖို့၊ အလုပ်ပို ကြိုးစားဖို့ သူ့သခင်က ဖိအားပေးပါတယ်။ အဲဒီလိုနဲ့ မောင်ဖြူဟာ ကြိမ်လုံးနဲ့ အမြဲတမ်း အရိုက်ခံ၊ အော်ဟစ်ခံ နေရပါတော့တယ်။

တရက် မှာတော့ အလုပ်နားကြတဲ့ည မောင်နီနဲ့ နှစ်ကောင်သား အေးအေးဆေးဆေး တွေ့ရချိန်မှာ မောင်ဖြူဟာ မျက်ရည်တွေ ကျပြီး

"သူငယ်ချင်း မောင်နီရေ ဒီအလုပ်မှာ ငါတို့ နှစ်ယောက်တည်း ရှိတာ၊ ဘာဖြစ်လို့ တယောက်နဲ့ တယောက် ယှဉ်ပြိုင်နေမလဲ၊ ဘာဖြစ်လို့ တယောက်ထက် တယောက် သာချင်တဲ့ စိတ်တွေ မွေးနေမလဲကွာ။ သယ်စရာရှိတဲ့ ကုန်တွေကို ငါတို့နှစ်ယောက်သား ညီညီမျှမျှ သယ်ယူကြပြီး ငါတို့ လုပ်နိုင်တဲ့ အတိုင်းအတာ အတွင်းကနေ ငါတို့ လှမ်းနိုင်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်ကြပြီး တာဝန်ကျေအောင် လုပ်ကြရအောင်လေ။

ကိုယ်တတ်နိုင်တာထက် ပိုပြီး လုပ်ပေးလို့ရော ငါတို့သခင်က ငါတို့ကို ဘာမှ ပိုပြီး သိတတ်မှာ မဟုတ်ဘူး။ ငါတို့ အတွက် ဘာအကျိုး ခံစားခွင့် မှ ရမှာ မဟုတ်ဘူးလေ။ ငါတို့သာ မတန်တဆ ပင်ပန်းကြဖို့ သာ ရှိတယ်" လို့ ပြောဆို တိုင်ပင် ပါတယ်။

မောင်နီကတော့ မောင်ဖြူ ပြောတာကို နားထောင်နေပေမဲ့ ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။ နောက်တနေ့ ရောက်လို့ ကုန်ပစ္စည်းတွေ သယ်ကြတဲ့အခါ မောင်နီဟာ အခါတိုင်း သယ်တဲ့နှုန်းထက် ပိုပြီး ပစ္စည်းတွေကို သယ်တဲ့အပြင် ပိုပြီး သယ်နိုင်ကြောင်း ပြတဲ့အနေနဲ့ ခါတိုင်းထက်တောင် အပြေးကလေး လျှောက်သွားပါသေးတယ်။ ဒီတော့ ပိုင်ရှင်ဖြစ်သူက ပုံမှန်သာ သွားနေတဲ့ မောင်ဖြူကို ပိုပြီး စိတ်ဆိုး ဒေါသတွေ ထွက်ပြန်ပါတယ်။ ရိုက်နှက်ပြန် ပါတယ်။

နောက်တနေ့ ရောက်ပြန်တော့ မောင်နီရော မောင်ဖြူရဲ့ ကျောပေါ် ကိုရော ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး ထပ်တင်ပေး ပြန်ပါတယ်။ မောင်နီ ကတော့ ထုံးစံအတိုင်း အရှေ့ကနေ မြန်သထက် မြန်အောင် လျှောက်နေပေမဲ့ မောင်ဖြူကတော့ များလွန်းလှတဲ့ ကုန်စည်စလှယ် တွေကြောင့် အရင်ကလောက်တောင် မလျှောက်နိုင်တော့ဘဲ ဖြစ်နေပါတယ်။

ဒါကိုကြည့်ပြီး မြည်းပိုင်ရှင်ဟာ မောင်ဖြူ့ကို ဒေါသ ထွက်လွန်းတဲ့ အတွက် ရက်ရက်စက်စက် ရိုက်နှက်ပြီး မြန်မြန်လျှောက်ဖို့ အော်ဟစ် ဆဲဆို ကြိမ်းမောင်းပါတယ်။ ဒါပေမဲ့ မောင်ဖြူက ဘယ်လိုမှ မြန်မြန် မလျှောက်နိုင်သလို သယ်ရတဲ့ ပစ္စည်းတွေ များလွန်း လေးလွန်းလို့ ခြေလှမ်းတောင် အနိုင်နိုင် ဖြစ်နေရပါတယ်။

ပိုပိုပြီး ဒေါသထွက်လာတဲ့ မြည်းပိုင်ရှင်ဟာ မောင်ဖြူ မြန်မြန် လျှောက်ဖို့ နည်းမျိုးစုံနဲ့ ရိုက်နှက် ကန်ကျောက် ပါတော့တယ်။ နောက်ဆုံးမှာတော့ မြည်းပိုင်ရှင်ရဲ့ နှိပ်စက်မှုကို ဘယ်လိုမှ မခံနိုင်တော့တဲ့ မောင်ဖြူဟာ မြေပြင်ပေါ်မှာ လဲကျ သေဆုံးသွား ပါတော့တယ်။

အဲဒီအခါမှာ ပြိုင်ဘက် မရှိတော့ပြီ ဖြစ်တဲ့ မောင်နီဟာ သူ့သခင်တော့ သူကိုပိုပြီး အားထားတော့မှာဘဲ ဆိုတဲ့စိတ်နဲ့ ပျော်ရွှင် ဝမ်းမြောက်စွာ ကုန်စည်တွေကို သယ်ပိုးပါတယ်။ မြန်သထက် မြန်အောင်လည်း ကြိုးစား လျှောက်သလို ကုန်တွေကိုလည်း များနိုင်သမျှ များများ သယ်ပေးပါတယ်။

ဒါပေမဲ့ မောင်နီကို သူ့သခင်က သေသွားတဲ့ မောင်ဖြူရဲ့ ပစ္စည်းတွေကိုပါ သယ်ယူခိုင်းပါတယ်။ မောင်နီဟာ နေ့စဉ် မတန်တဆ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့အပြင် ကုန်တွေများလို့ ပင်ပန်းလွန်းတာကြောင့် အပြေးသွားနေတဲ့ ခြေလှမ်းလေးတွေက မလှမ်းနိုင်တော့ဘဲ ပုံမှန်အတိုင်း လှမ်းလိုက် ရင်တောင် မြည်းပိုင်ရှင်က မောင်နီကို အလုပ်မှာ ခိုကပ်တယ်၊ အရင်လို အလုပ်ကို မကြိုးစားဘူး ဆိုပြီး မြည်တွန် တောက်တီးကာ ရိုက်နှက် ကန်ကျောက် ပါတော့တယ်။

ဒီလိုနဲ့ ကုန်တွေကို နေ့စဉ် မတန်တဆ သယ်ပိုးလာရတဲ့ မောင်နီဟာ မြည်းပိုင်ရှင် စိတ်ကျေနပ်လောက်တဲ့ အတိုင်းအတာကို ရောက်အောင် မသယ်ပိုးနိုင်ဘူး ဆိုပြီး ပိုင်ရှင် နှိပ်စက်သမျှကိုလည်း ခံရရှာပါတယ်။

အချိန်တွေ ကြာလာတော့ မြည်းပိုင်ရှင် ရိုက်နှက် နှိပ်စက် ကန်ကျောက်တာတွေကြောင့် တကိုယ်လုံးမှာ ဒဏ်ရာတွေ ဗရပွနဲ့ ဖြစ်လာတဲ့ အပြင် ကုန်တွေ အများအပြား သယ်ရလို့ ပင်ပန်းလွန်းတဲ့ ဒဏ်တွေ ဖိစီးပြီး အားနည်း ပိန်ချုံးကာ ချိနဲ့ လာပါတော့တယ်။

သူတတ်နိုင်တဲ့ အင်အားနဲ့ ကုန်တွေကို သယ်ပိုးပေမဲ့ လိုချင်လောဘ ကြီးလှတဲ့ မြည်းပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမှ မစွမ်းဆောင်နိုင် တော့တာကြောင့် မြည်းပိုင်ရှင်က ဒေါသတွေထွက်ပြီး မောင်နီရဲ့အမြီးကို မီးနဲ့ရှို့၊ အရေပြားကို လှီးဆွ၊ အသားကို ဓါးနဲ့ထိုး စသဖြင့် နည်းမျိုးစုံနဲ့ မြည်းကို မြန်မြန်သွားအောင် ကြိုးစားပြန် ပါတယ်။

ပိုင်ရှင်က ဘယ်လိုဘဲ နှိပ်စက် ခိုင်းစေပေမဲ့ ဒဏ်ရာတွေနဲ့ ချိနဲ့နေပြီ ဖြစ်တဲ့ မောင်နီမှာ အရင်နှုန်းထားအတိုင်း ဘယ်လိုမှ အလုပ်လုပ် နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဒေါသရော လောဘပါ ကြီးလွန်းတဲ့ မြည်းပိုင်ရှင်ဟာ မောင်နီကို သတ်ပစ်လိုက်ပြီး တခြား မြည်းအသစ် တကောင် ဝယ်ယူဖို့ လိုက်ရှာပါတော့တယ်။

ဒီပုံပြင်လေး ဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြ မှာပါ။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာ ရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစား လုပ်ပြသူတွေ၊ အချင်းချင်း ခြေခံ ထိုးတတ်သူမျိုးတွေ၊ သူဌေးကို ဖားပြီး အောက်က ဝန်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက် သိမ်းဆည်းပြီး လက်တွဲ ခေါ်ဖို့ စိတ်ကူး မရှိဘဲ တကိုယ်ကောင်းဆန်စွာ တယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့ အတွက် အလုပ်ပို ကြိုးစား လုပ်ပြတတ်သူတွေ အများကြီး ရှိတတ်ကြပါတယ်။

မြည်းပိုင်ရှင်နဲ့ တူတဲ့ သူဌေးတွေကတော့ ဝန်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ် မပြုတတ် သူတွေ၊ တန်ဖိုး ထားရ ကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ် ကြပါတယ်။ ဘယ်လိုဘဲ ဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့ နေရာမှာ ကိုယ်သာ ရောက်လာခဲ့မယ် ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့ လိုပါတယ်။

တခါတလေမှာတော့ အခြားသူနဲ့ ယှဉ်ပြိုင်တာမျိုး မဟုတ်ဘဲ ငြင်းပယ်ဖို့ ခက်တာကြောင့် သော်လည်းကောင်း၊ အားနာလို့ သော်လည်းကောင်း မတန်တဆ အလုပ်ကို လက်ခံပြီး လုပ်ရတဲ့ အခါမျိုးတွေ၊ ကိုယ်မနိုင်မနင်း ဖြစ်တဲ့အထိ အလုပ်ကို လုပ်ပေးရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ လာနိုင် ပါသေးတယ်။

အဲဒီ အခါမျိုးမှာ ကိုယ်မနိုင်တဲ့ ဝန်ကို အားနာစိတ်နဲ့သော် လည်းကောင်း၊ မနိုင်မှန်း သိရက်နဲ့ သူဌေး ငြိုငြင်မှာ စိုး၍သော် လည်းကောင်း အကြောင်း ကြောင်း ကြောင့် လုပ်ပေး နေရ ပေမဲ့ ကိုယ့် အတွက် ဝန်ထုပ် ဝန်ပိုး ကြီးမား ပြီး စိတ် သောက များ ရသလို၊ ပူပန်မှုတွေ၊ ဖိအားတွေ လည်း ကြုံတွေ့ လာရ တတ် ပါတယ်။

အဲဒီချိန်မှာ မိမိကိုယ်ကို သေချာပြန် စဉ်းစားဖို့ လိုတာက ဒီအလုပ်ကို လုပ်ပေးရခြင်း အတွက် စိတ်ပျော်ရွှင်မှု ရပါရဲ့လား၊ ကိုယ့်အတွက်ရော ပညာသော် လည်းကောင်း၊ ဥစ္စာသော် လည်းကောင်း ကျန်ပါရဲ့လား။ သူဌေးကရော ကိုယ်လုပ်ပေးတဲ့ အကောင်းဆုံး စွမ်းဆောင် ချက်တွေကို အသိအမှတ် ပြုပါရဲ့လား။

မြည်းနှစ်ကောင်ရဲ့ ပိုင်ရှင်လို အလိုလောဘ ကြီးစွာနဲ့ လုပ်ပေးသမျှကို အကောင်းမမြင် မကျေနပ်နိုင်သူ များ ဖြစ်နေခဲ့ပြီလား။ ဒီလိုမှ မဟုတ်ဘဲ ဒီမတန်တဆ အလုပ်ကို ငြင်းဖို့ အားနာပြီး လုပ်ပေးရခြင်းအတွက် ကိုယ့်မှာ ဝန်ထုပ်ဝန်ပိုးကြီး တခုလို မနိုင်မနင်း ဖြစ်စေခဲ့တယ်၊ ဒါမှမဟုတ် သူတပါးကို တိုက်ခိုက်ဖို့၊ သူတပါး နစ်နာစေဖို့ သက်သက်ကြောင့် မတန်တဆ မနိုင်ဝန် ဖြစ်စေနိုင်တဲ့ အလုပ်တခုကို လက်ခံ ခဲ့ခြင်းသာ ဆိုခဲ့ရင် အဲဒီအလုပ်ကို ပြန်စဉ်းစားဖို့ လိုနေပါပြီ။ Chaw (အစိမ်းရောင် လွင်ပြင်)

Post a Comment

0 Comments