ဓာတ်ခဲလေး သုံးလုံး

တခါတုန်းက စက်ရုံက ထုတ်လိုက်တဲ့ ဓာတ်ခဲသုံးလုံးဟာ ရေဒီယိုထဲမှာ တာဝန် ထမ်းဆောင်နေ ကြတယ်ပေါ့။ ရေဒီယိုကြီး အသံကြည်ဖို့ လိုင်းဆွဲအား ကောင်းဖို့ရာ တက်ညီလက်ညီ ပါပဲ။

ရံဖန်ရံခါမှာ ပိုင်ရှင်က စိတ်တိုင်းမကျလို့ ညည်းညူတဲ့ အခါ ရေဒီယိုကြီးက "ဒါ မင်းတို့ ဓာတ်ခဲတွေ မကောင်းလို့ကွ" ဆိုတဲ့ စကားတွေ၊ ပိုင်ရှင် စိတ်တိုင်းကျ ချိန်ဆို "ငါက အမျိုးအစား ကောင်းတဲ့ ရေဒီယို လေကွာ" ဆိုတဲ့ စကားတွေ။

ဒီအခြေနေတွေကို မခံနိုင် ကြတော့ ဒီရေဒီယိုက အပြန်အလှန် အကျိုးမပြုဘူး ဆိုတာ သိလာခဲ့ ကြတယ်။ ဒီလိုနဲ့ ဓာတ်ခဲ ၃ လုံးစလုံး အပြင်ကို လှိမ့်ထွက်ဖို့ရာ သဘောတူ ဆုံးဖြတ်ပြီး ထွက်ခွာလာခဲ့ ကြပါတော့တယ်။

မာန်တက်တဲ့ ရေဒီယို ကတော့ နောက်ထပ် ဓာတ်ခဲ ရောက်မလာခင်ထိ အခွံအဖြစ်သာ နေခဲ့ရတော့ မှာပေါ့။

ဓာတ်ခဲ ၃ လုံး အတူတူ လှိမ့်ထွက်လာ ကြချိန် တလုံးက "ငါ ဈေးသည်ရဲ့ ချိန်ခွင်ထဲက ဓာတ်ခဲတွေ တွေ့ဖူးတယ်။ သူတို့ ဘဝကအေးအေးဆေးဆေးပဲ အားစိုက်စရာလည်း မလိုဘူး။

ဒါပေမယ့် ဈေးသည်က အမြဲ ဂရုစိုက်တယ်ကွ။ ငါတော့ အဲဒီလိုပဲ နေတော့မယ်" လို့ ပြောပြီး ဈေးသည် ရှိရာကို လှိမ့်သွား ပါတော့တယ်။

အဲဒီ ဓာတ်ခဲလေးဟာ သူနေချင်သလို အေးအေးဆေးဆေး သက်သာရာ နေရပေမယ့် ဓာတ်ခဲ တလုံးရဲ့ ဘဝ အဖြစ်နဲ့ မဟုတ်ပဲ အလေး နေရာမှာ အစားထိုးခံ ဘဝကိုသာ ဖြစ်မှန်း လက်ခံခဲ့ရ ပါတယ်။ ကျန်တဲ့ ဓာတ်ခဲ ၂ လုံးဟာ လက်နှိပ်ဓာတ်မီးနဲ့ တွေ့ပြီး အတူတူ ဆက်လက် တာဝန်ကို ဆောင်ရွက်ကြတယ်။

သူတို့ ၂ လုံးလည်း အားကြိုးမာန်တက် ဆောင်ရွက်ကြလို့ ပိုင်ရှင်က ဓာတ်မီးကို သဘောကျတဲ့အခါ ဓာတ်မီးကလည်း "မင်းတို့ရဲ့ စွမ်းအား အကူအညီနဲ့ ကြောင့်မို့ ငါ့ကို ပိုင်ရှင်က သုံးနေတာပါ။ မင်းတို့ ကျေးဇူးတင်ပါတယ်" လို့ ထောပနာ ပြုသောအခါ "ကိုယ့်တာဝန် ကိုယ်ကျေကြလို့ ပါဗျာ" ဆိုပြီး ဓာတ်ခဲ ၂ လုံးက ပြန်ပြောကြတယ်။

ဒီလို အဆင်ပြေပြေ ဆောင်ရွက်နေချိန် မှာပဲ ဓာတ်ခဲ ၁ လုံးက ပျက်စီးသွား ခဲ့တယ်။ ကျန်နေတဲ့ နောက်ဆုံး ဓာတ်ခဲဟာ သူတယောက်တည်း ဆက်လက် မဆောင်ရွက်နိုင် တော့လို့ ဓာတ်မီးအိမ် ထဲကနေ လှိမ့်ထွက်လာခဲ့ရ ပါတော့တယ်။ မတတ်သာတဲ့ အနေထားမို့ ဓာတ်မီးကလည်း ဝမ်းနည်းစွာနဲ့ လမ်းခွဲခဲ့ ရပါတယ်။

ဒီလိုနဲ့ နောက်ဆုံး ဓာတ်ခဲလေးဟာ နှိုးစက်နာရီနားကို ရောက်လာခဲ့တယ်။ နာရီနဲ့ ဓာတ်ခဲ ပေါင်းစပ်ပြီး ပိုင်ရှင်ကို အချိန်မှန် ကူညီခဲ့ ကြလို့ ပိုင်ရှင်ရဲ့ ဂရုစိုက်မှုကို ခံယူရင်း ဓာတ်ခဲလေးဟာ အားအင်ကုန်တဲ့ အထိ ဆောင်ရွက်ခဲ့ ပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ ပတ်ဝန်းကျင် လက်တွေ့ ဘဝမှာ ကိုယ်နဲ့အတူတူ လက်တွဲ ရုန်းကန်နေရ ပေမယ့် ရေဒီယိုလိုမျိုး လူတွေလည်း ရှိတတ်ပါတယ်။ ဘဝကို အလွယ်တကူ သက်သာရာ ဖြတ်သန်းချင်လို့ ပထမ ဓာတ်ခဲလို ကိုယ်ပိုင် အရည်အချင်းတွေ စွန့်လွှတ်ခံတဲ့ လူတွေလည်း တွေ့နေရတာပဲ။

တက်ညီလက်ညီ ဆောင်ရွက်ချင် ပေမယ့်လည်း ကံတရားအရ ခွဲခွာကြရတဲ့ အခါတွေကိုလည်း ကြုံဖူးကြ မယ်လေ။ အဲဒီအခါမှာ စိတ်ဓာတ် မကျပဲ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ကိုယ့်ဘဝ အတွက်ရော တခြားသူ အတွက်ပါ ကိုယ်တတ်စွမ်း သလောက် အကျိုးပြုရင်း နေထိုင်သွားနိုင် မယ်ဆို အကောင်းဆုံးပါပဲ။ Ko Bac

Post a Comment

0 Comments