လိမ်မာပါးနပ်သော မြေခွေး

တခါတုန်းက ခြင်္သေ့အိုကြီး တကောင်ဟာ အသက်အရွယ် အိုမင်း လာတာကြောင့် သားကောင် ရှာဖွေရာမှာ အခက်အခဲ ဖြစ်လာပါတယ်။

"ငါ အရင်လိုမျိုး သားကောင်တွေကို လျင်လျင်မြန်မြန်နဲ့ မဖမ်းယူနိုင် တော့ဘူး။ ဒီတော့ နေ့စဉ် ဝမ်းရေးအတွက် တခုခု လုပ်မှဖြစ်တော့မယ်" လို့ တွေးမိပြီး အကြံတခု ရလိုက်ပါတယ်။

အဲဒီနောက် ခြင်္သေ့အိုကြီးက ကျောက်ဂူကြီး တခုထဲကို ဝင်သွားပြီး ဂူထဲ ရောက်တဲ့အခါ မှာတော့ နေမကောင်း ချင်ယောင်ဆောင်ပြီး ဟန်ဆောင် လှဲနေလိုက် ပါတယ်။

ဒီလိုနဲ့ အကြောင်း အမျိုးမျိုးကြောင့် ဂူပေါက်ဝ ကနေ အထဲကို ဝင်ရောက်လာတဲ့ သားကောင် မှန်သမျှကို ခြင်္သေ့အိုကြီးဟာ အလွယ်တကူ ဖမ်းယူ စားသောက်နေ ပါတော့တယ်။

တနေ့မှာ မြေခွေးတကောင်က ဂူပေါက်ဝကို ရောက်လာပါတယ်။ ဂူထဲက ခြင်္သေ့အိုကြီးရဲ့ ဟန်ဆောင် ညည်းညူသံကို ကြားလိုက်ရတဲ့ အခါ မြေခွေးက "အို ခြင်္သေ့ကြီး နေမကောင်းဘူးလား" လို့ ဂူပေါက်ဝကနေ လှမ်းမေးလိုက်ပါတယ်။

ဒီအခါ ခြင်္သေ့အိုကြီးက "ဟုတ်ပါတယ် မြေခွေး။ ငါ နေမကောင်း ဖြစ်နေတာ အတော်ကြာပြီ။ ဂူထဲကို ဝင်လာပြီး ကူညီနိုင်သလောက် ကူညီပေးပါဦး။ ငါမင်းကို အန္တရာယ် မပေးပါဘူး" လို့ လှမ်းပြောလိုက် ပါတယ်။

ဒီအခါ မြေခွေးလည်း အနည်းငယ် စဉ်းစားလိုက်ပြီး အခုလို ပြန်ပြောလိုက် ပါတယ်။ "အဆွေ ခြင်္သေ့ ဂူထဲကို ဝင်လာပြီး သင့်ကိုတတ်နိုင်သလောက် ကျုပ် ကူညီပေးချင်ပါတယ်။

ဒါပေမဲ့ မဝင်ရဲပါဘူး။ ဘာလို့လဲ ဆိုတော့ ဂူပေါက်ဝမှာ မြင်ရတဲ့ ခြေရာတွေက ဂူထဲကို ဝင်သွားတဲ့ ခြေရာတွေပဲ တွေ့ရပြီး ပြန်ထွက်လာတဲ့ ခြေရာတွေကို မတွေ့ရဘူး။

ကျုပ်လည်း ဂူထဲကို ဝင်လိုက်မယ် ဆိုရင် ကျုပ်အတွက် အပြန်လမ်း ရှိတော့မှာ မဟုတ်ဘူး။ ကျုပ်က ဒီလောက်ထိ မရူးမိုက်သေး ပါဘူး။ သွားခွင့်ပြုပါဦး" လို့ ပြောပြီး ဂူပေါက်ဝ ကနေ လှည့်ထွက်လာခဲ့ ပါတော့တယ်။

ဒီအကြောင်းအရာလေး ကနေ ပေးချင်တဲ့ အသိကတော့ ဘယ်အရာကို မဆို မစူးမစမ်း မဆင်မခြင်ဘဲ အလွယ်တကူ ယုံလွယ်လိုက်မယ် ဆိုရင် ထောင်ချောက်ထဲကို အလွယ်တကူ ကျရောက်သွား နိုင်ပါတယ်။

ဘယ်ကိစ္စအတွက် မဆို ဆုံးဖြတ်ချက် တခု ချတော့မယ် ဆိုရင် မျက်စိနှစ်လုံး နားနှစ်ဖက်ကို ဖွင့်ထားပါ။ အတွေးတွေကို ဖြန့်ကျက်ထားပြီး အကျိုးအကြောင်း ဆီလျော်မှု ရှိ မရှိကို အရင်ဦးဆုံး လေ့လာသုံးသပ် သင့်ပါတယ်။ (The Old Lion and The Fox ကို ဘာသာပြန်ထားသည်) Crd

Post a Comment

0 Comments