နှုတ်ချိုသူအား လူလေးစား

ဂန္ဓာရတိုင်း၊ တက္ကသိုလ်ပြည်တွင် ဂန္ဓာရမင်း စိုးစံသည့် အချိန်ကာလက ဖြစ်သည်။ ပုဏ္ဏားတဦးသည် တနေ့တွင် အလှူခံထွက်လာသည် ရှိသော် နွားငယ်တကောင်ကို ရလာလေသည်။ ပုဏ္ဏားသည် ထိုနွားငယ် လေးကို ချစ်မြတ်နိုး လွန်းသဖြင့် ကောင်းစွာ ကျွေးမွေး ပြုစုစောင့်ရှောက် ထားလေသည်။

နွားငယ်သည် လူနှင့် အလွန်နီးစပ်ပြီး ပုဏ္ဏားကြီး ပြောကြားသော စကားကို နားထောင်သောကြောင့် သားတဦးပမာ မြတ်နိုးစွာဖြင့် "နန္ဒဝိသာလ" ဟူ၍ လူသားတဦး အတိုင်း အမည်ပေးကာ မွေးမြူထား လေသည်။

ယာဂုထမင်း တို့ကိုလည်း ကျွေးမွေးထား လေသည်။ ပုဏ္ဏားကြီးသည် အရွယ် အိုမင်းလာသည်နှင့် အမျှ နွားငယ်လေးသည် နွားပျိုအရွယ် ရောက်ကာ အလွန်သန်မာသော နွားတကောင် ဖြစ်လာလေသည်။

တနေ့တွင် နန္ဒဝိသာလကသည် ပုဏ္ဏားကြီးကို ကြည့်ပြီး စိတ်ထဲတွင် "ငါ၏ ဖခင်သည် ဘဝတလျှောက်လုံး ဆင်းရဲပင်ပန်းစွာဖြင့် ငါ့ကို လုပ်ကျွေးခဲ့သည်။ ထို့ကြောင့်လည်း ဤလောကတွင် ငါ့လောက် ခွန်အား ကောင်းသည့် နွားမရှိပြီ။ ငါသည် ဖခင် စောင့်ရှောက် ကျွေးမွေးခဲ့သဖြင့် ရလာသည့် ခွန်းအားများဖြင့် ကျေးဇူးဆပ်ရသော် ကောင်း၏" ဟူ၍ ဖြစ်မိလေသည်။

ထို့ကြောင့် တနေ့တွင် နွားပျိုနန္ဒဝိသာလသည် ပုဏ္ဏားကြီးကို "ဖခင် ကျွန်ုပ် သင့်ကို ကျေးဇူး ဆပ်လိုပါသည်"

"မည်သို့ ကျေးဇူး ဆပ်လိုသနည်း"

"ဖခင်၏ ကျေးဇူးကြောင့် ဤဇမ္ဗူဒီပါမြေအပြင်တွင် ကျွန်ုပ်ထက် အားပိုကောင်းသော နွား မရှိပြီ။ ကျွန်ုပ်၏ ခွန်အားကို အရင်းတည်ပြီး ကျေးဇူးဆပ်ပါမည်။ ဖခင်သည် ဂေါဝိန္ဒ သူဌေးထံ သွားပါ။

သူဌေးကို ကျွန်ုပ်၏ နွားသည် တစပ်တည်း ဖွဲ့ချည်ထားသည့် ဝန်တင်လှည်း တရာကို တကောင်တည်းနှင့် ရုန်းနိုင်ကြောင်း သွားပြောပါ။ သူဌေးကြီးက မဖြစ်နိုင်ဟု ပြောလျှင် အသပြာ တထောင် လောင်းတမ်း ထပ်ပြီး လောင်းလိုက်ပါ။ ဖခင် ကျိန်းသေ အနိုင်ရပါလိမ့်မည်" ပုဏ္ဏားကြီးလည်း နန္ဒဝိသာလ ပြောသည့်အတိုင်း ဂေါဝိန္ဒသူဌေးထံ သွားပြီး အကျိုးအကြောင်း ပြောပြလေ တော့သည်။

"ငါ၏သား နန္ဒဝိသာလသည် နွားများထဲတွင် အားအကောင်းဆုံး ဖြစ်သည်။ တစပ်တည်း ဖွဲ့ချည်ထားသည့် ဝန်တင်လှည်း တရာကို တကောင်တည်း ရုန်းနိုင်သည်"

"ပုဏ္ဏားကြီး မဖြစ်နိုင်သည်ကို မပြောသင့်ပါ"

"သင် မယုံကြည်လျှင် လောင်းတမ်း ထပ်ကြမည်။ ရုန်းနိုင်လျှင် အသပြာ တထောင်ကို ကျွန်ုပ်အားပေးပါ။ မရုန်းနိုင်လျှင် သင့်အား အသပြာ တထောင် ပေးပါမည်"

ပြိုင်ပွဲ သတ်မှတ်ထားသည့် နေ့တွင် သဲကျောက်စရစ်တို့ အပြည့် ထည့်ထားသည့် လှည်းတရာကို ဝင်ရိုးတို့အား တစပ်တည်း လွန်ကြိုးတို့ဖြင့် ချည်နှောင် ထားလေသည်။

ပုဏ္ဏားကြီးသည် နန္ဒဝိသာလကို ရေကောင်းစွာ ချိုးပေးပြီး၊ အမွှေးနံ့သာများ လိမ်းကာ ပန်းကုံးစွပ်ပြီး ခေါ်လာသည်။ ထို့နောက် နန္ဒဝိသာလကို ရှေ့ဆုံးလှည်း ရှေ့တွင် ကြိုးများဖြင့် ကပြီး၊ ပုဏ္ဏားကြီးက လှည်းဦးတွင် ထိုင်ကာ အမိန့်ပေးလေသည်။

နန္ဒဝိသာလ ရုန်းနေသည်ကို ပုဏ္ဏားကြီးက အားမလို အားမရ ဖြစ်ကာ နှင်တံကို မြှောက်ပြီး "ဟဲ့ ကောက်ကျစ်သည့်နွား၊ စဉ်းလဲသောနွား သွားလော့၊ ရုန်းလော့" ဟု အော်လိုက်လေသည်။

နန္ဒဝိသာလကလည်း ငါသည် ပုဏ္ဏားကြီးအပေါ် တသက်လုံး ကောက်ကျစ်ဖူးသည်လည်း မရှိ။ စဉ်းလဲသည့် အမှုကိုလည်း မပြုခဲ့။ သို့ပါလျက် အဘယ်ကြောင့် ငါ့ကို ဤသို့ မတရား စွပ်စွဲပြောဆိုရသနည်း ဆိုကာ မရုန်းတော့ဘဲ ခြေစုံ ရပ်နေလေ တော့သည်။

ပုဏ္ဏားကြီးသည် ပြိုင်ပွဲတွင် မရုန်းနိုင်သည့် နွားကြောင့် အသပြာတထောင် ရှုံးရလေသည်။ စိတ်ထဲတွင် ပူပန် ဆင်းရဲခြင်း ဖြစ်ကာ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေရလေသည်။ နွား နန္ဒဝိသာလက ပုဏ္ဏားကြီးကို ကြည့်ပြီး

"ဖခင် ကျွန်ုပ်သည် သင့်ထံတွင် နေခဲ့စဉ်ကာလ တလျှောက်လုံး သင့်ဥစ္စာကို ဖျက်ဆီးခြင်းလည်း မရှိ။ ကိုယ့်နေရာ မဟုတ်သည့် အရပ်တွင် ကျင်ကြီးကျင်ငယ်လည်း စွန့်ခြင်း မရှိ။ သင့်အကျိုးယုတ် စေရန် တကြိမ်မျှ ပြုဖူးခြင်း မရှိပါဘဲလျက် အဘယ်ကြောင့် ကျွန်ုပ်အား ကောက်ကျစ်သည့်နွား၊ စဉ်းလဲသည့်နွား ဟု ဆိုရသနည်း"

"သားငယ် ငါမှားသွားပြီ" "ဖခင် ယခုတကြိမ် ဂေါဝိန္ဒထံ သွားပါဦး။ ယခုတကြိမ်တွင် လောင်းကြေးကို အသပြာ နှစ်ထောင်ဟု မြှင့်တင် ခဲ့ပါလော့။ ကျွန်ုပ် ဝန်တင်လှည်းတရာကို ကောင်းစွာ ဆွဲပါမည်။ ဖခင်ကသာ ကြမ်းတမ်းစွာ ပြောဆိုခြင်း မပြုပါလင့်"

ယခုတကြိမ်တွင် ပုဏ္ဏားကြီးလည်း ဂေါဝိန္ဒထံ သွားပြီး လောင်းကြေးကို အသပြာ နှစ်ထောင် အဖြစ် သဘောတူကာ ပြောဆိုခဲ့လေသည်။ ချိန်းဆိုထားသည့် နေ့တွင် ဝန်တင်လှည်း တရာကို ရှေးနည်းအတိုင်း ဖွဲ့ချည်ပြီး ရုန်းကြသည်။ ယခုတကြိမ်တွင် ပုဏ္ဏားကြီးက "သားငယ် ရုန်းပါလေ။ လိမ္မာသော ငါ့သားငယ် ဝန်တို့ကို ရုန်းပါလေ" ဟု ချိုသာစွာ ပြောလေသည်။

နွားလည်း ဝန်တင်လှည်း တရာကို တဟုန်တည်း ရုန်းဆွဲပြနိုင်သည့် အပြင် ရှေ့ဆုံးလှည်း နေရာအရောက် နောက်ဆုံးလှည်းကို ပို့ဆောင်နိုင်ခဲ့ သဖြင့် ပုဏ္ဏားကြီးလည်း အသပြာ နှစ်ထောင်ကို ရရှိခဲ့ လေတော့သည်။

ဤဇာတ်တော်ကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဆဗ္ဗဂ္ဂိ (ရဟန်းဆိုး ခြောက်ယောက်) တို့ တဦးနှင့်တဦး ဆဲရေးရန် ဖြစ်နေသည်ကို အကြောင်းပြုပြီး တိရစ္ဆာန်တို့သည်ပင် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းကို မနှစ်သက်ကြောင်း ဥပမာပြကာ ဆုံးမဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ (ရည်ညွှန်း ငါးရာ့ငါးဆယ်နိပါတ်တော်၊ နန္ဒဝိသာလဇာတ်) တင်ညွန့်

Post a Comment

0 Comments