ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

လက်လွှတ်လိုက်ရတာတွေ အားလုံးကို "အရှုံး" လို့ မသတ်မှတ် ပါနဲ့လား။ ကိုယ်ဟာ သူနဲ့ မထိုက်တန်လို့ ဖြစ်နိုင်သလို၊ သူဟာ ကိုယ်နဲ့ မထိုက်တန် လို့လည်း ဖြစ်နိုင်တာဘဲ။

"ပြီးပါပြီ" လို့ စာတန်းထိုးတဲ့ အခါ လာရာလမ်း အတိုင်း ပြန်ရဲရတယ်။ မရှိတော့တာ တွေကို သတိရနေသေး သရွေ့ ဒဏ်ရာတွေက ကျက်လာမှာ မဟုတ်ပါဘူး။

အချိန်ဟာ အားလုံးကို ကုစားပေးနိုင်တယ် ဆိုတာ လူတွေကို သက်သက် ညာပြောတာပါ။ ကိုယ့်ကိုယ်ကို မကုစားနိုင်သရွေ့၊ ကိုယ့်စိတ်ကိုယ် မဆုံးမနိုင်သေး သရွေ့ ကိုယ့်ကိုယ်ကို မပြောင်းလဲသေး သရွေ့တော့ ဘဝဟာ ဘာမှ ထူးပြီး မလာနိုင်ပါဘူး။

အမှတ်တရတိုင်းက အမှတ်ရနေဖို့ မကောင်းဘူး။ တချို့ အမှတ်တရ တွေက အမှတ်ရနေသူ ကိုဘဲ သေစေနိုင်တာ။ ကိုယ့်ကိုယ်ကို ချစ်ရင် ပြန်ပြန် မတွေးရဘူး။ လူတွေဟာ ကိုယ့်ကိုယ်ကိုပဲ နားအလည်ဆုံးပါ။ ကိုယ့်ကိုယ်ကိုပဲ အချစ်တတ်ဆုံးပါ။

ကိုယ့်ခံစားချက်ကို ကိုယ့်လောက် ဘယ်သူမှ မသိဘူး။ ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အတွင်းကျကျ အပိုင်းတွေကို ကိုယ်ကလွဲပြီး တခြာသူက အပြည့်အဝ မသိနိုင်ဘူး။

ပြန်ပြောလို့ မကောင်းတဲ့ အတိတ်တွေ လူတိုင်းမှာ ရှိကြသလို တယောက်ယောက်ရဲ့ ရှေ့မှာ ငိုချပြီး ပြောပြလိုက်ရုံ နဲ့လည်း တချို့ ဒဏ်ရာတွေက သက်သာ မလာပါဘူး။

ဒါတွေကို သိထားရင် တယောက်ယောက်က အနားမှာ အမြဲ ရှိနေမှာဘဲလို့ မျော်လင့်မထားသင့် သလို ချစ်ခြင်းမေတ္တာနဲ့ လူတချို့ဟာ ပြောင်းလဲမသွားဘူး၊ ပြေးထွက်မသွားဘူး လို့လဲ ဘယ်တော့မှ ပုံသေတွက် မထားပါနဲ့။

မသေခင် ကတည်းက စွန့်လွှတ်လိုက်ရ တာတွေ ရှိသလို အသက်ရှင်နေ ပါလျှက်နဲ့လည်း ပိုင်ဆိုင်ခွင့် မရတော့တာတွေ ရှိပါတယ်။ ရေစက် ရှိသလောက်ပဲ ချစ်နေပေးပြီး ဝဋ်ကြွေး ရှိသလောက်တော့ ပေးဆပ်သွားပေါ့။

တခါတလေမှာ ဆွဲထားရင်းနဲ့ ပင်ပန်းရတာတွေလည်း ရှိတယ်။ မျှော်လင့်ထားမိလို့ နာကျင်ရတာတွေလည်း ရှိတယ်။ နားလည်ဖို့ ကြိုးစားရင်းနဲ့ ဝေးသွားတာလည်း ရှိတယ်။ အရမ်းကြီး သည်းသည်းလှုပ် ချစ်ပြလိုက်လို့ အနားက ပြေးထွက်သွားတာတွေလည်း ရှိတယ်။

ဒီလိုဘဲ ဘဝမှာ ကိုယ့်စိတ်တိုင်းကျ လုပ်ယူလို့ မရတာတွေ အများကြီး ရှိပါတယ်။ ဒါကို နားလည်ထားတဲ့ သူဟာ အေးချမ်းပြီး ဒါကို နားမလည်တဲ့ သူက ပူလောင်ရတယ်။ တယောက်ထဲ စားတော့ရော ထမင်း မဖြစ်ဘူးလား။ တယောက်ထဲ အိပ်တော့ရော အိပ်ရေး မဝဘူးလား။

နှစ်ယောက်လျှောက်မှ ခရီးရောက်မှာ မို့လို့လား။ တယောက်နားမှာ တယောက် မရှိလည်း တနေ့ကျရင် အသက်တွေ ကြီးလာရဦးမှာ။ ပိုင်ဆိုင်တာတွေ ချစ်ရသူတွေ အားလုံးကို နှုက်ဆက်ပြီး လောကကြီးက ထွက်သွားရဦးမှာ။

ငါ့ဘဝထဲကို ဝင်လာပါကွာလို့ တကူးတကကြီး ဖိတ်ခေါ်နေဖို့ မလိုသလို နင်ထွက်မသွားပါနဲ့ဟာ လို့လည်း အပင်ပန်းခံပြီး ဆွဲထားစရာ မလိုပါဘူး။

ဘယ်သူ ချစ်နေမှ ဖြစ်မယ် ဆိုတဲ့ စိတ်နဲ့ မနေပါနဲ့။ ဘယ်သူမှ မချစ်လည်း ငါ့ကိုငါ ချစ်မယ် ဆိုတဲ့ စိတ်နဲ့ နေပါ။ ဘယ်သူမှ ဂရုမစိုက်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

ကိုယ့်ကိုယ်ကို ဂရုစိုက်မှ ရုပ်လည်း ကျန်းမာမယ်၊ စိတ်လည်း ချမ်းသာလာမယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်မှ ဒဏ်ရာတွေလည်း အနာကျက်လာမယ်။ နာကျင်စရာတွေ ဆီကလည်း ထွက်လာနိုင်မယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်မှ မျက်ရည်ကင်းကင်း ရှင်သန်လာနိုင်ပြီး ဘဝဟာ လွတ်လပ် ပေါ့ပါး လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုဂရုစိုက်တဲ့ နေ့ဟာ အချုပ်အနှောင်တွေက လွတ်မြောက်ပြီး ပျော်ရွှင်မှုတံခါးတွေ ပွင့်လာမယ့် နေ့ပါဘဲ။ Crd

Post a Comment

0 Comments