ဖြတ်ထိုးဉာဏ်ကောင်းသော အမတ်ကြီး

ရှေးရှေးတုန်းက အိန္ဒိယနိုင်ငံမှာ မဂိုအင်ပါယာလို့ အမည်ရတဲ့ အင်ပါယာကြီး တခု ထွန်းကား ခဲ့တယ်။ အဲဒီ အင်ပါယာရဲ့ ပြည့်ရှင့် ဧကရာဇ်ကတော့ အက္ကဘာ ပေါ့ကွယ်။

အက္ကဘာ ဘုရင်ကြီးဟာ သူ့ရဲ့ အမတ်တွေကို အဖြေရ ခက်စေမယ့် ဉာဏ်စမ်း ပဟေဠိတွေ မေးရတာ တော်တော် ဝါသနာ ပါသတဲ့။

သူဟာ ထူးဆန်းပြီး ခက်ခဲ့တဲ့ မေးခွန်းမျိုးတွေ မကြာခဏ မေးလေ့ ရှိတယ်။ သူ မေးတဲ့ မေးခွန်းတွေကို ဖြေနိုင် ဆိုနိုင်ဖို့ ဆိုတာ အတော်ကို ပညာဉာဏ် ကြီးမားမှ သာလျှင် ဖြစ်နိုင်ပေ လိမ့်မယ်။

တနေ့မှာ အက္ကဘာဘုရင်ကြီးဟာ ညီလာခံ တခုမှာ သူ့ရဲ့အမတ်တွေကို မေးခွန်းတခု မေးလိုက် သတဲ့။ မေးခွန်းက ထူးဆန်းတော့ အမတ်တွေ အားလုံးလည်း ဆွံ့အ သွားကြပြီး ဘာပြန်ဖြေလို့ ဖြေရမယ်မှန်း မသိ တော့ဘူး။

ဘုရင်ကြီးဟာ သူ့အမတ်တွေ ဆီက အဖြေရဖို့ တယောက်ပြီး တယောက် လိုက်ကြည့်တယ်။ အားလုံးဟာ အဖြေ ပြန်ပေးနိုင်ဖို့ ခေါင်းတွေ ငုံ့ပြီး အားစိုက်ထုတ် စဉ်းစားနေ ကြသတဲ့။ အဲဒီအချိန်မှာပဲ ညီလာခံထဲကို ပညာရှိ အမတ်ကြီး ဘီဘာ ရောက်လာပါတယ်။

ဘုရင်ကြီးရဲ့ စိတ်သဘောကို နားလည်တဲ့ အမတ်ကြီးဟာ ညီလာခံမှာ ဖြစ်နေတဲ့ အခြေအနေ တွေကို တချက် ကြည့်လိုက်ရုံနဲ့ သဘောပေါက် လိုက်တာမို့ ရောက်ရောက်ချင်းပဲ ဘုရင်ကြီးကို အောက်ပါ အတိုင်း မေးလိုက်တယ်။

"မေးခွန်းရဲ့ အဖြေကို ကြိုးစား ရှာဖွေနိုင်ဖို့ အတွက် ကျွန်တော်မျိုး အနေနဲ့ အရှင်မင်းကြီးရဲ့ မေးခွန်းကို သိခွင့် ရှိပါသလား အရှင်" အက္ကဘာဘုရင်ကြီးက "ငါ့ရဲ့ နန်းမြို့တော် ထဲမှာ ကျီးကန်း ဘယ်နှစ်ကောင် ရှိသလဲ အမတ်ကြီး" လို့ မဆိုင်းမတွ ပြောလိုက်တယ်။

အမတ်ကြီးဘီဘာဟာ နည်းနည်းလေး မှတောင် စဉ်းစား မနေတော့ဘဲနဲ့ အောက်ပါ အတိုင်း ပြန်ဖြေသတဲ့။ "ကျီးကန်းပေါင်း ငါးထောင် ငါးရာနဲ့ ရှစ်ဆယ့် သုံးကောင် ရှိပါတယ် အရှင်မင်းကြီး"

အက္ကဘာမင်းကြီးလည်း အံ့သြပြီး အောက်ပါအတိုင်း ထပ်မေးလိုက်တယ်။ "အဲဒီလောက်တောင်။ သေချာရဲ့လား အမတ်ကြီးရဲ့"

"မှန်ပါ။ ရဲမက်တွေကို လွှတ်ပြီး လိုက်လံ ရေတွက်ကြည့်ခိုင်း နိုင်ပါတယ် အရှင်။ တကယ်လို့ ကျွန်တော်မျိုး ပြောတဲ့ အရေအတွက်ထက် ပိုနေရင်တော့ တခြားနယ်က ကျီးကန်းတွေက သူတို့အမျိုးတွေဆီ လာလည်နေကြတာ ဖြစ်နိုင်ပါတယ်။

တကယ်လို့ လျော့နေတယ် ဆိုရင်တော့ နယ်ခံကျီးကန်း တချို့ဟာ တခြားနယ်က သူတို့ အမျိုးတွေဆီ သွားလည်နေကြတာ ဖြစ်နိုင်ကြောင်းပါ အရှင်မင်းကြီး"

အမတ်ကြီးရဲ့ ပညာဉာဏ်နဲ့ ပြည့်စုံတဲ့ အဖြေကို ကြားလိုက်ရတဲ့ အခါမှာ အက္ကဘာဘုရင်ကြီးလည်း ကျေနပ်သွား တော့သတဲ့ကွယ်။ phoomyatchal

Post a Comment

0 Comments