ကောင်လေးနှင့် အပင်ကြီး

တခါတုန်းက အသီးပင် အကြီးကြီး တပင်ရှိတယ်။ ကောင်လေး တယောက်ဟာ နေ့တိုင်းပဲ သစ်ပင်ကြီးရဲ့ အောက်မှာ ဆော့ကစား ပါတယ်။ သူက အပင်ပေါ်က အသီးကို ခူးစားတယ်။ သစ်ရိပ်ခိုပြီး အိပ်စက်တယ်။ အပင်ပေါ်တက် ဆော့ကစား ပါတယ်။

အပင်ကြီးက သူ့ကို အရမ်းချစ်သလို သူကလည်း အပင်ကြီးကို အရမ်း ချစ်ရှာပါတယ်။ ဒီလိုနဲ့ ကောင်ကလေး တဖြည်းဖြည်း ကြီးလာ ပါတယ်။ သူအပင်ကြီးနား သိပ်မကပ် တော့ပါဘူး။ အပင်ကြီးက တအား ဝမ်းနည်းသွားတယ်။ သူ့နားမှာ လာကစားဖို့ အကြိမ်ကြိမ် ပြောပါတယ်။

ကောင်လေးက ပြန်ပြောလိုက် ပါတယ်။ "ကျနော် ကြီးလာပြီ၊ နေ့တိုင်း အဲဒီလို မကစားချင် တော့ဘူး။ ကျနော် အရုပ် လိုချင်တယ်" ထိုအခါ အပင်ကြီးက ပြောတယ်။ "အဲဒါ လွယ်ပါတယ်။ ငါ့အပေါ်က အသီးတွေကို ခူးလိုက်၊ ပြီးရင် ဈေးထဲမှ သွားရောင်းပါ။ ပြီးရင် အရုပ်ကို ဝယ်ပါ"

ကောင်းလေး အရမ်း ပျော်သွားပါတယ်။ အသီးကို ခူးလိုက်တယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ခွာ သွားပါတယ်။ ရက်တွေ တော်တော် ကြာသွားပါတယ်။ ကောင်လေး ပေါ်မလာတော့ပါဘူး။ အပင်ကြီး တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။

တနေ့ကျတော့ ကောင်လေး ပြန်လာပါတယ်။ အပင်ကြီး တော်တော် ပျော်သွားတယ်။ သူနဲ့ ဆော့ကစားဖို့ ကောင်လေးကို ခေါ်ပါတယ်။ ကောင်လေးက ပြောပါတယ်။ "ကစားလို့ မရဘူးလေ၊ ကျနော့်အိမ် အတွက် အလုပ် လုပ်ရအုံးမှာ၊ ကျနော် နေဖို့ အိမ်တလုံး ဆောက်စရာ ရှိတယ်။ ကျနော့်ကို ကူညီနိုင်မလား"

သစ်ပင်ကြီးက ပြောပါတယ်။ "ဒီလို လုပ်ပါလား၊ ငါ့အပေါ်က အကိုင်းတွေ အားလုံးကို ခုတ်သွားလိုက်၊ အိမ်ဆောက်လို့ ရပြီလေ" တဲ့။ ကောင်လေးဟာ အကိုင်းအားလုံးကို ခုတ်ပြီး သူလိုချင်တဲ့ အိမ်ကို သွားဆောက်ပါတယ်။ ကောင်လေး ပျောက်သွား ပြန်တယ်။ အပင်ကြီး တော်တော် ဝမ်းနည်း သွားပါတယ်။

တခုသော မိုးရွာသီမှာ ကောင်လေး ပြန်လာပါတယ်။ အပင်ကြီး တော်တော် ပျော်သွားပြန်တယ်။ "ဒီတခါတော့ မင်း ငါ့ဆီကို တကယ် ပြန်လာပြီပေါ့" ကောင်ကလေးက ပြန်ဖြေပါတယ်။ "မဟုတ်သေးပါဘူး၊ ငါ အသက် ကြီးလာပြီလေ။ ခရီးသွားဖို့ ရွက်လှေ တစင်း လိုတယ်။ အကူအညီ လာတောင်းတာ"

အပင်ကြီးက "ဘာတတ်နိုင်မလဲ၊ မင်းလိုချင် မှတော့ ငါ့ ပင်စည်ကြီးကို ခုတ်သွားလေ၊ အဲဒါကို သုံးပြီး ရွက်လှေတစင်း ထွင်းလိုက်" ကောင်ကလေး အပင်ကြီးရဲ့ ပင်စည်ကို သင်္ဘော လုပ်ဖို့ ခုတ်ယူသွားပါတယ်။ ဒီတခါ အကြာကြီး ပျောက်ဆုံးသွား ပြန်တယ်။ အပင်ကြီးက ကောင်လေးကို မျှော်ရင်း မျှော်ရင်းနဲ့ တော်တော်လေး ဆွေးမြည့်ရှာပါတယ်။

နှစ်ပေါင်းများစွာ ကြာသွားပါတယ်။ ကောင်လေး ပေါ်လာပြန်တယ်။ အပင်ကြီးက ပြောတယ်။ "ဒီတခါ ငါ မင်းကို ဘာမှ ပေးစရာ မရှိတော့ဘူး။ ငါ့မှာ အသီးတွေ မရှိတော့ဘူး" "ကျနော့်မှာလည်း ဝါးဖို့ သွား မရှိတော့ပါဘူး။ ကျနော် အသက်အရွယ် ရလာပြီလေ"

"မင်း အပင်ပေါ်တက် ကစားနိုင်ဖို့ ငါ့မှာ အကိုင်လည်း မရှိတော့ဘူး၊ ပင်စည်လည်း မရှိတော့ဘူး။ မင်းကို ပေးစရာ ငါ့မှာ ဘာဆို ဘာမှ မရှိတော့ပါဘူး" လို့ သစ်ပင်ကြီးက မျက်ရည်ကျပြီး ပြောရှာပါတယ်။

"ကျနော်လည်း မောပါပြီ။ အပင်ပေါ် တက်ဖို့လည်း အားမရှိ တော့ပါဘူး။ အခု ဘာမှ မလိုချင် တော့ဘူး၊ ကောင်းကောင်းပဲ အနားယူ ချင်တယ်" "အို သိပ်ကောင်းတာပေါ့၊ သစ်ငုတ်တိုဟာ ထိုင်ပြီး အနားယူဖို့ အကောင်းဆုံး နေရာပဲ။ လာလာ ငါ့အပေါ်မှာ ထိုင်ပါ။ အတူတကွ အနားယူလို့ ရပြီပေါ့" သစ်ပင်ကြီးက ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ အဲဒါ ကျနော်တို့ တတွေရဲ ပုံပြင်ပါ။ အပင်ကြီးက ကျနော်တို့ရဲ့ မိဘပေါ့။ ငယ်ငယ်တုန်းက သူတို့ အနားမှာ ရှိတယ်။ နည်းနည်း ကြီးလာတော့ သူတို့ကို ခွဲခွာသွားတယ်။ အခက်အခဲ ရှိတိုင်း သူတို့ဆီ ပြန်သွားတယ်။ မိဘက တတ်နိုင်သရွေ့ ကူညီဖြေရှင်း ပေးတယ်။

မိဘဆိုတာ သားသမီး ပျော်ရွှင်ဖို့အတွက် သူတို့မှာ ပေးဆပ်ဖို့ အမြဲ အဆင်သင့် ဖြစ်နေတတ် ပါတယ်။ ဒီပုံပြင်လေးထဲမှာ ကောင်လေးကို ရက်စက်တယ်လို့ ထင်မြင်ယူဆခဲ့ရင် ကိုယ့်မိဘတွေ ပျော်ရွှင်အောင် များများ အချိန်ပေးပါ။ မိဘနဲ့ အတူ နေရတဲ့ အချိန်ကို တန်ဖိုးထားပါ။ Aung Ko Latt

Post a Comment

0 Comments