အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေကနေ ဘယ်လိုရုန်းထွက်မလဲ

သင့်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေ ရှိနေရင် ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်တွေက နည်းပါးနေမှာပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူက သင့်ရဲ့ချစ်သူအိမ်ထောင်ဖက်လည်း ဖြစ်နိုင်သလို မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နိုင်ပါတယ်။

အဆိပ်အတောက်ဖြစ်တဲ့သူနဲ့ ပတ်သက်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း လျော့ပါးနေမှာပါ။ အဲဒါကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေက ရုန်းထွက်ပြီး ပျော်ရွှင်တဲ့ဘဝကို ပြန်ရောက်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

လမ်းမခွဲခင်

- သင့်အပေါ် စိတ်ဒုက္ခပေးနဲ့ လမ်းမခွဲခင်မှာ အစီအစဉ်တွေကို ဆွဲပါ။ ပြီးနောက် မိသားစုတွေကိုလည်း အစီအစဉ်တွေကို ပြောပြပါ။ သင့်မှာ နေထိုင်ဖို့ အခက်အခဲဖြစ်တဲ့အခါမှာ မိသားစုဝင်နဲ့ ရင်းနှီးတဲ့သူတွေက ကူညီပေးနိုင်ပါတယ်။

- အဆိပ်အတောက်တွေ ပေးသူအပေါ်မှာ ငွေကြေးမှီခိုနေရတယ်ဆိုရင် သူနဲ့ အဆက်အသွယ်မဖြတ်ခင်မှာ ငွေကို များနိုင်သမျှ များများစုထားပါ။

- သူနဲ့ ပတ်သက်ပြီး စိတ်ပင်ပန်းခဲ့ရတာတွေကို သူ့ကို အပြစ်မတင်ဘဲ သင့်ခံစားအချက်အတိုင်း ပြောပြပါ။ "နင့်ကြောင့် ဒီလိုဖြစ်ခဲ့ရတယ်" လို့မပြောဘဲ "အရမ်းပင်ပန်းခဲ့ရတယ်၊ ဝမ်းနည်းခဲ့ရတယ်" လို့ ပြောပြပါ။ ဒီနည်းက သင်တို့နှစ်ယောက်ကြား ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့အတွက် အကူအညီဖြစ်စေမှာပါ။

- သူ့ဆီကနေ ထွက်သွားတော့မယ်ဆိုရင် သူ့အတွက် စဉ်းစားဖို့ အချိန်ပေးပါ။

- သင့်ရဲ့ခံစားချက်တွေ၊ အတွေးတွေကို စာအုပ်ထဲမှာ နေ့စဉ်ရေးမှတ်ထားပါ။ ဒီလိုရေးမှတ်ထားတာက သင်ကိုယ်တိုင် မရုန်းထွက်နိုင်တဲ့အခါ ဆင်ခြေတစ်ခုအဖြစ် ကျန်ရစ်မနေတော့ဘဲ ပြတ်သားတဲ့စိတ်ဖြစ်ပေါ်စေပါတယ်။

လမ်းခွဲပြီးတဲ့အခါ

- စိတ်ဒဏ်ရာတွေ ပေးသူနဲ့ လမ်းခွဲပြီးတဲ့အခါမှာ သူနဲ့ ဆက်သွယ်လို့ရမယ့်အရာတွေအားလုံးကို ဖြတ်တောက်လိုက်ပါ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် မြန်မြန်ပြန်ကုစားနိုင်ပါတယ်။

- သင့်အတွက် စိတ်ပိုင်းဆိုင်ရာကုစားပေးနိုင်မယ့်သူကို ရှာဖွေပါ။ တတ်နိုင်သမျှ သူ့ကို မေ့ထားပါ။

- အချိန်တွေကို မိသားစု၊ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးပါ။

- အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း အချိန်ပေးပါ။

- သင့်ရဲ့စိတ်ခံစားချက်တွေ၊ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး လိုအပ်လာတဲ့အခါ ဆွေးနွေးကုသမှုတွေ ခံယူပါ။

- ဝါသနာပါတဲ့ အရာတွေကို ပြုလုပ်တာ၊ ပညာရပ်အသစ်တွေကို သင်ယူတာ၊ ဘာသာစကားအသစ်သင်ယူတာ၊ ဟင်းချက်တာ၊ ခရီးထွက်တာ စတဲ့အရာတွေက စိတ်ဖိစီးမှုကင်းဝေးစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာစေပါတယ်။

- ပန်းတိုင်တွေ ချမှတ်ထားပြီး ပန်းတိုင်ကို ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချပါ။ အချိန်ကြာလာတဲ့အခါမှာတော့ သင့်ရဲ့ဘဝထဲကို ပျော်ရွှင်မှုတွေက ပြန်လည် ဝင်ရောက်လာပါလိမ့်မယ်။

Zombie (lovemedia)

Post a Comment

0 Comments