မြင်းတကောင်ပါ ပေးလိုက်တယ်

တခါက ရွာလေး တရွာမှာ လင်မယားနှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေး တယောက် ရတယ်။ သမီးလေးဟာ ငယ်ငယ်လေး ကတည်းက ချူချာလှတယ်။ မိခင်ဖခင်တို့ဟာ သမီးလေးကို အရိပ် တကြည့်ကြည့် နဲ့ပေါ့။

သမီးလေးအတွက် ကြိုးစား လုပ်ကိုင်ရင်း သူတို့ဟာ စီးပွား တက်လာသတဲ့။ ဒါကြောင့် သမီးလေးကို ဖူးဖူး မှုတ်ထားကြ တာပေါ့။ ပိုသမျှ ငွေတွေကိုလည်း ရွှေတွေ ဝယ်ပြီး သူ့အတွက် လက်ဝတ်ရတနာ လုပ်ထားပေးတာ တဆင်စာတောင် ပြည့်သွားတာပေါ့။ တောရွာမှာ ဒီလောက်ဟာ အတော်ချမ်းသာတဲ့ သူတွေပဲ တတ်နိုင်ကြတာကိုး။

ဒါပေမယ့် သူတို့ အရိပ် တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ သမီးလေးဟာ အပျိုဖြစ်ခါမှ ဆုံးပါးသွားသတဲ့။ အဖေကြီး ဟာလည်း ဝမ်းနည်းသလို၊ အမေကြီး ဟာလည်း ဖြေမဆည် နိုင်ဘူးတဲ့။

"သြော် သမီးလေး၊ လက်ဝတ် ရတနာတွေကို တောင်မှ မဝတ်သွားရပါ ကကော" ဆိုပြီးငိုတာပေါ့။ ရက်တွေ အတော် ကြာလာပေမဲ့ အမေကြီးဟာ သမီးကို မမေ့နိုင်ဘူး နေ့စဉ် ငိုကြွေးနေတာ ပဲတဲ့။

အဲဒါကို ကြားသိတဲ့ အကြံသမားတယောက်ဟာ အခြေအနေကို အကဲခတ် နေတာပေါ့။ တရက်မှာ အကြံသမားဟာ အဘိုးကြီး အပြင်သွားနေတုန်း အမယ်ကြီးထံကို လာသတဲ့။ သူဟာ ရိုးရိုးမလာဘူး။ ဇာတ်ထဲက နတ်ဝတ်တန်ဆာတွေ ငှားဝတ်ခဲ့ပြီး ခပ်တည်တည်နဲ့ အိမ်ထဲ ဝင်ခဲ့ပါသတဲ့။

အိမ်ထဲ ရောက်တော့ ငိုကြွေးနေတဲ့ အမယ်ကြီးကို "ဟယ် သင်လူသား၊ သင်၏သမီး အမှာစကား ရှိခဲ့တာကြောင့် ငါရောက်လာရတယ်" လို့ ဇာတ်သံနဲ့ ပြောတာပေါ့။ ဒီတော့ အမယ်ကြီးက "ဘာများ မှာလိုက်လဲ အရှင်နတ်မင်း" လို့ မေးတယ်။

"တခြားတော့ မဟုတ်ပါဘူး သင်၏ ချစ်မငြီး ထိုသမီးလေးဟာ နတ်ပြည်နတ်ရွာ ခြောက်ထပ်မှာ ကောင်းမွန်စွာ နေထိုင်နေကြောင်းပါ။ သို့သော် သူ့မှာ လက်ဝတ်ရတနာ ရွှေငွေတွေ မပါခဲ့ တာကြောင့် ကျွန်ုပ်အား လူကြုံပါး၊ အဲလေ နတ်ကြုံပါးပြီး ယူခိုင်းလိုက်ပါတယ်"

ဒီတော့ အမယ်ကြီးဟာ အဟုတ်မှတ်ပြီး သမီးလေး အတွက် ရည်ရွယ် လုပ်ကိုင်ထားတဲ့ လက်ဝတ်လက်စား အစုံလိုက်ကို ပေးလိုက် လေသတဲ့။ အကြံသမားဟာ ပစ္စည်း ရရခြင်း ရွာတောင်ဘက်ကို ထွက်ပြေးသွား လေသတဲ့။

အတော်လေး ကြာတော့ အဘိုးကြီး ပြန်ရောက်လာတယ်။ ဒီအခါ အမယ်ကြီးက "သတင်းကောင်း ပြောရဦးမယ် တော်ရေ၊ ကျုပ်တို့ သမီးလေးက နတ်ပြည် ရောက်နေတယ်" "ဟင် ဘယ်လိုလုပ် သိလဲ ရှင်မရယ်" "စောစောကပဲ နတ်သားတပါး လာပြောသွားတယ်။ ကျုပ်တောင်မှ သမီးက မှာလိုက်တဲ့ လက်ဝတ်လက်စားတွေ ထည့်ပေးလိုက် သေးတယ်"

ဒါကို ကြားတော့ အဘိုးကြီးက အလိမ်မိပြီ ဆိုတာကို ချက်ခြင်း ရိပ်မိတာပေါ့။ ဒါပေမယ့် အမယ်ကြီး စိတ်မကောင်း ဖြစ်မှာစိုးလို့ ဘာမှာ မပြောဘဲ "ဘယ်ဘက်ကို သွားသလဲ" လို့သာ မေးတယ်။ "တောင်ဘက်ကို" လို့ အဘွားကြီးက ဖြေတော့ အဘိုးကြီးက တောင်ဘက်ကို မြင်းဒုန်းစိုင်းစီးကာ လိုက်သွားလေတယ်။

ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ သုတ်ခြေတင်နေတဲ့ နတ်ဝတ်နတ်စားနဲ့ လူတယောက်ကို လှမ်းတွေ့တာပေါ့။ အဲဒီလူက နောက်က မြင်းနဲ့ လိုက်လာတဲ့ အဘိုးကြီးကိုလည်း တွေ့ရော ပြေးတော့တာပဲတဲ့။

အဘိုးကြီးကလိုက် သူက ပြေးပေါ့လေ။ ဒါပေမယ့် မြင်းက လူထက် မြန်တော့ မလွတ်နိုင်မှန်း သိပြီး ချုံတောထဲ ဝင်ပြေးပြီး ပုန်းနေလိုက်သတဲ့။

အဘိုးကြီးဟာ အဲဒီလူ ဒီနားမှာတင် ပျောက်သွားတာ သိတော့ မြင်းပေါ်က ဆင်းပြီး ဘေးနားက ချုံထဲကို ဖြဲရှာတာပေါ့။ ဒီအခါ ပုန်းနေသူက ချုံတဖက်က ထွက်လာပြီး အဖိုးအိုရဲ့ မြင်းကို စီးကာ ထွက်ပြေးသွားလေသတဲ့။

မြင်းနဲ့ ပြေးသွားတဲ့ လူလိမ်ကို မမိနိုင်တော့တဲ့ အတွက် အဖိုးအိုဟာ စိတ်ပျက်လက်ပျက်နဲ့ လှမ်းအော်လိုက်သတဲ့။ "သမီးကို ပြောလိုက်ပါ။ သမီးအတွက် အဘလည်း မြင်းတကောင် ပေးလိုက်ပါတယ်လို့" တဲ့။

မိမိရဲ့ အားနည်းချက်ကို တဖက်သား သိအောင် မလုပ်ပါနဲ့။ ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ်ပါတယ်။ သဘာဝကို မလွန်ပါနဲ့။ သဘာဝလွန် ဆိုတာ တကယ်တော့ မရှိပါဘူး။ အလိမ်ခံရတတ် ပါတယ်။ phoomyatchal

Post a Comment

0 Comments