မျက်မမြင် သူတောင်းစားလေး

တခါတုန်းက မျက်မမြင် ကောင်လေး တယောက်ဟာ လမ်းဘေးမှာ တောင်းရမ်း နေသတဲ့။ သူ့ရှေ့မှာလည်း ဆိုင်းဘုတ် တခုကို ချထားတယ်။

"ကျွန်တော်ဟာ မျက်မမြင် တယောက်ပါ ပေးကမ်း စွန့်ကြဲကြပါ" တဲ့။ သူ တောင်းခံ နေပေမယ့်လည်း သူ့ရဲ့ အရှေ့က ခွက်ကလေးထဲမှာ ပိုက်ဆံ အနည်းငယ်သာ ရပါတယ်။

သိပ်မကြာဘူး လူတယောက် လမ်းလျှောက် လာတယ်။ ကောင်လေးကို ကြည့်ပြီးတော့ ကောင်လေးရဲ့ ခွက်ထဲကို ပိုက်ဆံ ထည့်လိုက်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကို တချက် ကြည့်လိုက်တယ်။

ဆိုင်းဘုတ်ကို ပြောင်းပြန် လှန်ပြီးတော့ စာတချို့ကို ရေးလိုက်တယ်။ ပြီးတော့မှ ဆိုင်းဘုတ်ကို သူရေးထားတဲ့ ဘက်နဲ့ ပြန်ထောင်ထား ခဲ့ပြီး ထွက်သွားတယ်။

မကြာပါဘူး။ လမ်းသွားလမ်းလာတွေ ဝိုင်းထည့်ကြတာ ကောင်လေးရဲ့ ပိုက်ဆံခွက်လေး ပြည့်သွားတယ်။ ကောင်လေးက ပိုက်ဆံတွေ ယူပြီး ခွက်ကို ပြန်ချတယ်။

လူတွေက ဆိုင်းဘုတ်ကို ကြည့်လိုက် ကောင်လေးကို ကြည့်လိုက် ပြီးတော့ ပိုက်ဆံအိတ်ကို နှိုက်ပြီးတော့ ပိုက်ဆံတွေ လှူကြပါတယ်။ ပိုက်ဆံ ခွက်ကလေးလည်း ပြည့်သွားတာပေါ့။

ညနေရောက်တော့ မနက်ကလူ ပြန်ရောက်လာတယ်။ ကောင်လေးကလည်း ထိုလူရဲ့ အနံ့ကို မှတ်မိတယ်။ အဲဒါနဲ့ မေးတယ်။ "ခင်ဗျား ကျွန်တော့် ဆိုင်းဘုတ်မှာ ဘာတွေ ရေးခဲ့လို့ ကျွန်တော် ပိုရတာလဲ" လို့ ပေါ့။

ထိုလူ ကတော့ "ဒီနေ့သည် သာယာသော နေ့တနေ့ ဖြစ်မည်။ ငှက်ကလေးတွေ ပျံနေကြသည်။ ပန်းလေး တွေလည်း ပွင့်နေကြပြီး နေမင်း ကလည်း အလင်းရောင် ဖြန့်ကျက်နေသည်။

ဒါပေမယ့် ထိုအရာများကို ကျွန်ုပ် မမြင်ရပါ။ ကျွန်ုပ်မှာ လူကြီးမင်းတို့ ပေးမှ ကမ်းမှ စားရမည့် မျက်မမြင် တယောက် ဖြစ်ပါသည်" လို့ ရေးထားတာ လို့ ပြန်ဖြေလိုက် သတဲ့။

ပြောချင်တာ ကတော့ ဆိုလိုရင်း ကတော့ တူညီပေမယ့် ပြောပုံဆိုပုံခြင်း ကွာတာကို ပြချင်တာပါ။ စကား အပြောအဆို သတိမူနိုင် ကြပါစေ။ မေတ္တာဓါတ်များ ပွားများနိုင်ပါစေ။ မောင်စိုင်း

Post a Comment

0 Comments