လှပမှုကို ကြွားသူ

တနေ့သောအခါ ကျားသစ် တကောင်ဟာ သူ့ရဲ့ အစက်အပြောက် အမွှေးတွေကို ပိုင်ဆိုင်ထားတဲ့ သူ့ကိုယ်သူ ချီးကျူးနေတာကို မြေခွေးတကောင်က နားစွန်နားဖျား ကြားလိုက်မိတယ်။

ထိုအခါ မြေခွေးက ကျားသစ်ကို "သင်ဟာ လှကောင်း လှနေပေ လိမ့်မည်။ သို့သော် သင့်ရဲ့ အလှက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အလှသာ ဖြစ်တယ်။ ကျွန်ုပ်ရဲ့ အလှက စိတ်ပိုင်းဆိုင်ရာ အလှဖြစ်တယ်" ဟု မြေခွေးက ကျားသစ်ကို ပြောကြား လိုက်ပါတယ်။

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင် မှာလည်း လူတချို့ဟာ သူတို့ကို လှတယ်ဟု ပြောလာအောင် တခုခု လုပ်ဆောင်၍ မသိမသာ ဟန် အမူအရာဖြင့် ပြတတ်လေ့ ရှိပါတယ်။ ကိုယ့်ကို လှတယ် လို့ ပြောလာအောင် မသိမသာ အမူအရာ ပြတတ်ကြ ပါတယ်။

တချို ကျတော့ ပြင်ပ ဝတ်ဆင်မှုများကို ကြည့်၍ ပေါင်းသင်း ကြတယ်။ လှမလှ ဆုံးဖြတ်တတ် ကြတယ်။ ရုပ်လှပမှုကို ကြည့်၍ ပေါင်းသင်း ဆက်ဆံတတ် ကြပါတယ်။

အဲဒီလို ပြင်ပ လှပမှုကို ကြည့်၍ ပေါင်းသင်း ဆက်ဆံ တတ်ကြသော လူတချို့ဟာ သူတို့ကိုယ်တိုင်လည်း လှပအောင် တန်းတူ ဖြစ်လာအောင် ပြုလုပ်ရင်းနဲ့ အသိတရားမဲ့၊ ငွေကြေးတွေ ပို၍ကုန်ကျမှု များလာ တတ်ပါတယ်။

ပစ္စည်းတွေ အသစ်အဆန်း ထွက်လေ မိမိမှာ ပိုပြီး လိုချင် တောင့်တ လေသာ ဖြစ်တတ် ကြပါတယ်။ ယောက်ျားလေး၊ မိန်းကလေး ဆိုပြီး ခွဲခြား၍ မပြောတော့ပါ။

လူသားတွေဟာ ပြင်ပ လှပမှုတွေကို စိတ်ဝင်စားလာရင် အဝတ်အစား အသုံးအဆောင် စသည့် အမျိုးမျိုးသော ပစ္စည်းတွေ အသစ်အဆန်း ထွက်ပေါ်လာသည်နှင့် အမျှ ဝယ်ယူသုံးစွဲ လာကြပါတယ်။

အသစ်အဆန်းတွေ ဝယ်ယူ၍ ဝတ်ဆင်ပါ။ သို့သော် လိုအပ်သည်ထက် မဝယ်ယူသင့်ပါ။ ငွေကြေးတွေကို မဖြုန်းတီးဖို့ လိုအပ်လှပါတယ်။ ပြင်ပ လှပမှုဟာ အချိန် ခဏတာ အတွင်းမှာသာ လှပနေမှာ ဖြစ်ပါတယ်။ စိတ်ရဲ့ လှပမှုကသာ တာရှည်စွာ ရှိနေမည် ဖြစ်ပါတယ်။

ဘယ်လောက်ပဲ ရုပ်ဆိုးနေသူ ဖြစ်ပါစေ စိတ်လှသူ တယောက်အတွက် မိတ်ဆွေကောင်းတွေလည်း ရှိပါတယ်။ အတွင်းစိတ်နှလုံးသား လှပသူ တယောက်အတွက် နေရာကောင်း၊ မိတ်ဆွေကောင်းတွေ မရှားပါ။

လူအများစု ကလည်း စိတ်နှလုံးသား ကောင်းတဲ့သူများနှင့် ပေါင်းသင်း ဆက်ဆံတတ် ကြပါတယ်။ ဒါ့ကြောင့် ပြင်ပ လှပမှုထက် အတွင်း စိတ်နှလုံးသား လှပအောင် ပြုမူပြောဆို နေထိုင်ပါ။ စိတ်နှလုံးသား လှပသော လူကောင်းလူမွန်များ ဖြစ်နိုင်ကြပါစေ။ Ref:The Leopard and the Fox

Post a Comment

0 Comments