အသိဉာဏ်မရှိသော သူဌေးသား

ရှေးရှေးတုန်းက အလွန် ကြွယ်ဝ ချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှိသည်။ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင် လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။

သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်အတွက် လိုလေသေးမရှိ အလိုလိုက် ကြသည်။ သူဋ္ဌေးသားငယ် အရွယ်ရောက်လာသောအခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီးတဦးနှင့် လက်ထပ်ပေးသည်။

ထိုသို့ အိမ်ထောင် ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်။ ထိုသားငယ် မွေးဖွားပြီး ၂ နှစ်ခန့်တွင် သူဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့် နောက်ဆက့် ကွယ်လွန် သွားကြသည်။

ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာ ရှိသော်လည်း ပညာမရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်၊ ဥစ္စာပစ္စည်းများ ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ပညာသင်ယူလျှင် ကောင်းမည် ဟု အကြံပြု ကြသည်။

သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံလိုက်ပြီး တက္ကသိုလ်တခုသို့ သွားရောက်၍ ပညာ သင်ယူသည်၊၊

တက္ကသိုလ်၌ ၁၀ နှစ်ခန့် ကြာပြီးနောက် အိမ်သို့ ပြန်လာခဲ့ရာ ညဉ့်နက် လူခြေတိတ်ချိန်မှ ရောက်လာသည်။

သို့သော် သူဋ္ဌေးသားသည် လျှို့ဝှက် တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။

သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ဝင်လာသောအခါ ဇနီးဖြစ်သူကို ခြင်ထောင်အတွင်း၌ ယောက်ျားတဦးနှင့် ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစား မနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက်လေ တော့သည်။

နံနက်လင်း၍ အစေခံများ နိုးလာသော အခါတွင် မိမိ သတ်လိုက်သူများမှာ မိမိ၏ ဇနီးနှင့် သား ဖြစ်ကြောင်း သိလိုက်ရသည်။ မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ်မိ ခြင်းသာ ဖြစ်သည်။

သူဋ္ဌေးသားသည် ပညာ သင်ယူခဲ့သော်လည်း အသိဉာဏ် မဲ့သောကြောင့် ဇနီးနှင့် သားငယ်ကို သတ်မိခြင်း ပင်တည်း။ phoomyatchal

Post a Comment

0 Comments