သူများကို မကောင်းကြံ ကိုယ့်ဘေးဒါဏ်ထိ

တခါက တိုင်းပြည် တပြည်မှာ ဘုရင်ကြီးတပါး ရှိသတဲ့။ အဲဒီ ဘုရင်ကြီးမှာ အသိဉာဏ် ပညာနဲ့ ပြည့်စုံတဲ့ ပရောဟိတ်ကြီး တဦး ရှိသတဲ့။ သူဟာ ဗဟုသုတ ပြည့်စုံလွန်းတဲ့ အတွက် တိုင်းသူပြည်သား အားလုံးက ချစ်ခင်လေးစား ကြတာပေါ့။

သူတို့ တိုင်းပြည်မှာ ကိုးကွယ် ဆည်းကပ်နေတဲ့ ရဟန်းတပါးလည်း ရှိပါသတဲ့။ ဘုရင်ကြီးက သက်တော် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သားတော်လေးကို အိမ်ရှေ့အရာ ပေးထားပါတယ်။

ဘုရင်ကြီးရဲ့ ပရောဟိတ်ကြီးက ကျော်ကြားလွန်း အားကြီးတဲ့အတွက် ဘုရင်ကြီးရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်း မှေးမှိန် လာပါတယ်။ အဲဒီတော့ ဘုရင်ကြီးက ပရောဟိတ်ကို အမျက် ဒေါသ ပွားပါတယ်။

အဲဒါနဲ့ ပရောဟိတ်ကြီး သေဆုံးအောင် အစာအဆိပ်ခတ် သတ်ဖို့ ကြံစည်ပါတယ်။ တနေ့တော့ ပရောဟိတ်ကြီးကို ခေါ်ပြီး မောင်မင်းစားဖို့ ဆိုပြီး မုန့်လုံးတွေ ပေးတော် မူလိုက်တယ်။

အဲဒီ မုန့်လုံးတွေ မှာတော့ အဆိပ်တွေ ခပ်ထားတာပေါ့။ ပရောဟိတ်ကြီး ကလည်း သူ့ဘုရင်က သူ့ကို ဒီလို စိတ်သဘော ထားနေမှန် မထင်တဲ့ အတွက် ဝမ်းမြောက် ဝမ်းသာနဲ့ လက်ခံလိုက်တယ်။

အပြန်လမ်း တလျှောက်မှာ သူက ဒီအစားအစာတွေကို သူတို့ ကိုးကွယ်တဲ့ ရဟန်းကြီးကို ဦးဦး ဖျားဖျား ဆပ်ကပ်လိုတဲ့ အတွက် ကျောင်းသင်္ခမ်းကို လှမ်းလာပါတယ်။ ကျောင်းကို ရောက်တော့ ရဟန်းတော်ကို ဆပ်ကပ်တာပေါ့။

အဲဒီအချိန်မှာပဲ တောကစားရာက ပြန်လာတဲ့ ဘုရင်ကြီးရဲ့ သားတော်က ဗိုက်ဆာလွန်း တဲ့အတွက် ရဟန်းဆီမှာ စားစရာ စွန့်ပေးပါရန် တောင်းပန် လျှောက်ထားပါတယ်။

ရဟန်းကလည်း အတော်ပဲပေါ့၊ ခုနလေးကတင် ပရောဟိတ်ကြီး လာကပ်ထားတဲ့ မုန့်တွေကို စွန့်လိုက် ပါသတဲ့။ သား တော်လည်း ဗိုက်ဆာဆာနဲ့ စားလိုက်ပါတယ်။ စားပြီး မကြာခင်မှာပဲ ပါးစပ်က အမြုပ်တွေ ထွက်လာပြီး သေဆုံးသွား ပါတယ်။

ရဟန်းနဲ့ ပရောဟိတ်ကြီးလည်း အလွန် ထိတ်လန့်သွားပြီး နန်းတော်ကို သယ်ဆောင် သွားပါတယ်။ ဘုရင်ကြီးဆီလည်း ရောက်ရော ပရောဟိတ်ကြီးက အရှင်မင်းမြတ် စွန့်တော်မူတဲ့ မုန့်ကို ရဟန်းတော်အား ဆပ်ကပ်ကြောင်း၊

ထိုမှတဆင့် သားတော် ရောက်လာပြီး မုန့်စွန့်ရန် လျှောက်ထားတဲ့အတွက် ဘုရင်ကြီး ကျွေးသော မုန့်ကို သားတော်အား ကျွေးမိပါကြောင်း လျောက်ထားသတဲ့။ ဒီအခါမှ ဘုရင်ကြီးလည်း "အလိုလေး ကိုယ်ပြုသောကံ ကိုယ့်ထံ ပြန်လာပါလား" လို့ ပြောဆိုပြီး ရင်ကွဲနာ ကျကာ သေဆုံးသွားပါ သတဲ့။

သူများမကြောင်းကြံ ကိုယ့်ဘေးဒါဏ်ထိ ဆိုတဲ့ အတိုင်းပါပဲ။ ကိုယ်ပြုလုပ် ခဲ့သမျှ ကောင်းခြင်း ဆိုးခြင်းတွေဟာ တချိန်မှာ ကိုယ့်ဆီကို တနည်းနည်းနဲ့ ပြန်လာတတ်ပါတယ်။ သက်တန့်ချို

Post a Comment

0 Comments