မနာလိုမှုကြောင့် ဖြစ်သောစိတ်

တခါက သူဌေးသူကြွယ်ကြီး တဦးဟာ အရွယ်နှောင်းမှ သားတယောက် ရလာခဲ့တယ်။ အဲဒီ သားဟာ မငိုတတ်ဘဲ ရယ်ပဲ ရယ်တတ် ပါတယ်။ သူကြွယ်ကြီးက ဒီကလေးဟာ သာမန်ကလေးတွေ လိုပဲ တခြား ဘာထူးခြားမှုမှ မရှိဘူး ဆိုတာကို သက်သေပြနိုင်အောင် နည်းမျိုးစုံ သုံးပြီး သားကို ငိုအောင် လုပ်ဖို့ အကြံထုတ် နေခဲ့ပါတယ်။

အဲဒီ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးတပါးက သူကြွယ်ကြီးရဲ့ အိမ်ရှေ့ကနေ ဖြတ်ကြွသွား ခဲ့ပါတယ်။ သူကြွယ်ကြီးက သားကို ပွေ့ချီပြီး ဘုန်းကြီးကို ပြလိုက်ပါတယ်။

ကလေးက သူစိမ်း မကြောက်သူမို့ ဘုန်းကြီးကို တွေ့တာနဲ့ ရယ်ပြနေ ခဲ့ပါတယ်။ သူကြွယ်က ကလေးကို ခပ်နာနာ တချက် ရိုက်လိုက်ပါတယ်။ ဒါပေမယ့် ကလေးက မျက်ခုံတချက် တွန့်ပြီး ငြိမ်သွားပေမယ့် မငိုခဲ့ ပါဘူး။

"ဘုန်းဘုန်းဘုရား ဒီကလေးမှာ ဉာဏ်ရည် ချွတ်ယွင်းတာမျိုး ရှိပါသလား" လို့ သူကြွယ်က ဘုန်းကြီးကို မေးမြန်း လျှောက်တင်တယ်။

ဘုန်းကြီးက ဘာမှမပြောဘဲ သစ်သီးခွက်ထဲက ငှက်ပျောသီး တလုံးနဲ့ စပျစ်သီး တခိုင်ကို ယူလိုက်တယ်။ ပြီးတော့ ကလေးရှေ့မှာ ဝေ့ပြ လိုက်တယ်။ ကလေးက တချက် စဉ်းစားပြီး စပျစ်သီးကို လှမ်းယူတယ်။ ပြီးတော့ ရယ်နေပြန် ပါတယ်။

"ဒီကလေး ငှက်ပျောသီး လုံးလုံးမစားဘူး ဘုရား" လို့ သူကြွယ်က လျှောက်တင်တယ်။ ဘုန်းကြီးက ခေါင်းတဆတ်ဆတ် ညိတ်ပြီး "သူလိုချင်တာကို သူယူတယ်၊ ဉာဏ်ရည် မချွတ်ယွင်းပါဘူး" လို့ ဖြေတယ်။

သူကြွယ်ဟာ သစ်သီးခွက်ထဲက ငှက်ပျောသီးကိုလှမ်းယူ လိုက်တယ်။ ဒါကို ကလေးက တွေ့တော့ တချက် တွေဝေ သွားပေမယ့် စိတ်မကောင်း မဖြစ်သလို ငိုလည်း မငိုဘူး။

"ကြည့်ပါဦး ဆုံးရှုံးသွား ပေမယ့် စိတ်မကောင်း မဖြစ်သလို ငိုလည်း မငိုဘူး။ ဒီကလေးက ဘုန်းကြီး ဝင်စားတာလား မသိဘူး။ တပည့်တော်ရဲ့ အရိုက်အရာကို သူက အမွေ ဆက်ခံရပါမယ်။ သူ့ကို တပည့်တော် တောမထွက်စေ ချင်ပါဘူး။ ဘုန်းဘုန်း ကူညီပါ"

ထိုအခါ ဘုန်းကြီးက ခဏလောက် စဉ်းစားလိုက်ပြီး စားပွဲပေါ်က သစ်သီးခွက်ကို ယူလိုက်တယ်။ ပြီးတော့ သူကြွယ်ကို "လာ ဘုန်းဘုန်းနောက် လိုက်ခဲ့" လို့ ဆိုတယ်။

သူကြွယ်ရဲ့ အိမ်ရှေ့တံခါးဝ ရောက်တော့ ကလေးသုံးယောက်က တံခါးဝ ရှေ့မှာ ဆော့ကစားနေ ကြတယ်။ ဘုန်းကြီးက ကလေးတွေကို ကြည့်လိုက်၊ သစ်သီးခွက်ကို ကြည့်လိုက် လုပ်တယ်။ သစ်သီးခွက် ထဲမှာ ငှက်ပျောသီး သုံးလုံးနဲ့ စပျစ်သီး တခိုင် ရှိနေတယ်။

ဘုန်းကြီးက ကလေးတွေကို ခေါ်ပြီး တယောက်ကို ငှက်ပျောသီး တလုံး ပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ ချက်ချင်း ခွာစားလိုက်ကြတယ်။ ဒီအချိန်မှာ သူကြွယ့်သားက လက်ဆန့်ပြီး ငှက်ပျောသီးကို လက်ညိုးထိုးရင်း ထအော်တော့တယ်။

သူကြွယ်က စပျစ်သီးကို ယူပြီး "အဲဒါက သားလုံးဝ မကြိုက်တဲ့ ငှက်ပျောသီးလေ။ ဒါက သား အရမ်းကြိုက်တဲ့ စပျစ်သီးပါ" လို့ သားကို ချော့တယ်။

ကလေးက စပျစ်သီးကို ဖျတ်ခနဲ ယူပြီး စိတ်တိုတိုနဲ့ မြေကြီးပေါ် လွင့်ပစ်လိုက်တယ်။ ငှက်ပျောသီး ကိုပဲ သူ လက်ဖြန့် တောင်းနေခဲ့ ပါတယ်။ ကလေးသုံးယောက်က ငှက်ပျောသီးကို အမြန် စားလိုက်ကြတယ်။

ငှက်ပျောခွံကို ကြည့်ပြီး သူတို့ ကျေနပ် အားရစွာနဲ့ သူကြွယ်ရဲ့သားကို ရယ်ပြလိုက် ကြတယ်။ အဲဒီမှာ သူကြွယ့်သားက ရုတ်တရက် ထအော်ငို ပါတော့တယ်။

သူကြွယ်ရော၊ အခိုင်းအစေတွေပါ အံ့သြကုန် ကြတယ်။ "ခါတိုင်း သူ ငှက်ပျောသီး လုံးဝ မစားပါဘူး။ ဘာဖြစ်လို့ ဒီနေ့မှာ ငှက်ပျောသီးကြောင့် ငိုရတာပါလိမ့်" လို့ သူကြွယ်က ဝမ်းသာ လှုပ်ရှားတဲ့ စိတ်နဲ့ နားမလည်စွာ မေးတယ်။

"ဒီလောကမှာ လူတချို့ရဲ့ ဝမ်းနည်း ကြေကွဲခြင်းက ကိုယ် ဆုံးရှုံးသွားလို့ မဟုတ်ဘူး၊ တခြားသူ ရသွားလို့ ဖြစ်တယ်" လို့ ဘုန်းကြီးက ပြုံးပြုံးလေးပြန်ဖြေလိုက် ပါတော့တယ်။ (နာကျင်ကြေကွဲခြင်း တမျိုးက မနာလိုမှု ကနေ ဖြစ်လာတာ ဖြစ်ပါတယ်) phoomyatchal

Post a Comment

0 Comments