မြည်းမိုက်ရဲ့ စိတ်ကူး

တခါက မြည်းတကောင်ဟာ ခွေးပေါက်စလေး တကောင် သူ့သခင်နဲ့ ကစားနေတာကို စောင့်ကြည့်နေ သတဲ့။ သူ့သခင်က ခွေးကလေးကို ပွတ်သပ်ပြီး ဘီစကွတ်တို့ ကိတ်မုန့်တို့ ကျွေးနေတာ ကိုလည်း သူတွေ့နေရတယ်။

သခင်ကျွေးတဲ့ မုန့်တွေ စားပြီးပြီ ဆိုရင်တော့ ခွေးကလေးဟာ သူ့သခင်ရဲ့ ရင်ခွင်ပေါ် တက်ပြီး ခွေခွေလေး အိပ်မောကျသွား တတ်တယ်။

"တော်တော် အလိုလိုက် ခံရတဲ့ ခွေးပေါက်စဘဲ။ သူ့ သခင်ကို လုပ်ပေးတာ ဆိုလို့ သခင့်ဘေးမှာ ခုန်ပေါက် လိုက် ဟောင်လိုက် လုပ်တာဘဲ ရှိတယ်။ ဒါမျိုးတော့ ငါလည်း လုပ်နိုင်မှာ သေချာတယ်။ ငါလည်း အိမ်ထဲ ဝင်သွားပြီး သခင်နဲ့ သွားကစားမယ် ဆိုရင် ငါ့ကို သဘောကျ သွားပြီး သူ့ဒူးပေါ်မှာ အိပ်ခွင့်ပေးရင် ပေးမှာ" လို့ မြည်းက စဉ်းစားမိတယ်။

ဒီလိုနဲ့ မြည်းဟာ ဖွင့်ထားတဲ့ အိမ်ရှေ့ တံခါးပေါက်ထဲ ပြေးဝင်သွားတယ်။ သူဟာ အိမ်ရဲ့ ခန်းမကျယ်ကြီး ထဲကို အသားကျ ပြေးဝင်သွားပြီး သူ့သခင်ရှိတဲ့ အခန်းထဲ ဝင်သွားတယ်။ သူ့သခင်က မီးဖိုနားက ပက်လက် ကုလားထိုင်မှာ ထိုင်နေတယ်။

သခင်ဖြစ်သူဟာ အခန်းထဲမှာ ပြေးလွှား ကခုန်နေတဲ့ မြည်းကို တွေ့လိုက်ရတော့ တအံ့တသြနဲ့ "ဟ ဒီမြည်း ဘာတွေ လျှောက်လုပ်နေတာလဲ" လို့ ဆိုတယ်။ မြည်းဟာ ခွေးလုပ်ပုံကို မြင်ခဲ့ရတဲ့ အတိုင်း အခန်းထဲမှာ ပတ်ပြေးနေတယ်။

ဟီသံ အကျယ်ကြီး ပေးပြီး ခြေထောက်တွေကိုလည်း လေထဲမှာ ကန်ကျောက်နေတယ်။ "အင်း အတော်ဆန်းတာဘဲ" လို့ ဆိုပြီး သခင်ဖြစ်သူဟာ ထမင်းစားခန်းထဲမှာ ခုန်ပေါက်နေတဲ့ မြည်းရဲ့ ရယ်စရာ ကောင်းတဲ့ ကကွက်တွေကြောင့် မိုက်မဲလှတဲ့ မြည်းကို ကြည့်ရင်း ရယ်မော လေတော့တယ်။

သခင် ရယ်မောနေတာကို တွေ့တော့ မြည်းဟာ ဝမ်းသာသွားပြီး ခဏနေရင်တော့ သူ့ကို ဘီစကွတ်တွေ ကျွေးမလားလို့ စဉ်းစားမိတယ်။ "ငါ သူ့ဆီ သွားပြီး သူ့ဒူးပေါ် ခုန်တက်ပြီး ထိုင်နေလိုက်မယ်။ ဒါဆိုရင် သူက ငါ့ကို ကိတ်မုန့် ကျွေးရင် ကျွေးမှာ" လို့ မြည်းက စဉ်းစားတယ်။

ဒါကြောင့် မြည်းဟာ သခင်ထံ ပြေးသွားပြီး ရှေ့ခြေထောက် နှစ်ချောင်းကို သခင်ရဲ့ ဒူးပေါ်တင်ပြီး ရင်ခွင်ထဲကို ခုန်တက်ဖို့ ပြင်တယ်။ ဒါပေမယ့် သူသခင်ဟာ အထိတ်အလန့် ဖြစ်သွားပြီး "ဒီမြည်း ကပျက်ကချော် လုပ်နေတာ တော်သင့်ပြီ" လို့ စဉ်းစားမိသွားတယ်။

သခင်ဖြစ်သူဟာ မြည်းကို တွန်းထုတ်ဖို့ ကြိုးစားရင်း "လုပ်ကြပါဦး၊ ဟောဒီမှာ မြည်း ရူးနေပြီ" လို့ အော်လေတော့တယ်။ ထိုအခါ အစေအပါးတွေ အိမ်ထဲ ပြေးဝင်လာကြတယ်။

သူတို့ရဲ့ သခင်ပေါ် ရောက်နေတဲ့ မြည်းကို မြင်ရော မောင်းထုတ်ဖို့ ဝင်လာကြတယ်။ သူတို့အားလုံး မြည်းထွက်သွားအောင် ရိုက်နှက် မောင်းထုတ်ကြတယ်။ မြည်းရဲ့ တကိုယ်လုံးမှာ ရှိတဲ့ အရိုးတွေတောင် ကိုက်ခဲလာရတဲ့ အထိဘဲ။

မြည်းဟာ သူနေတဲ့ မြင်းဇောင်းထဲ အမြန် ပြေးဝင်သွားတယ်။ အခုလို မိုက်မဲတဲ့ စိတ်ကူးမျိုး မစဉ်းစားခဲ့ရင် ကောင်းမှာဘဲ လို့ သူတွေးနေမိ ပါတော့တယ်။ Crd

Post a Comment

0 Comments