အပေါင်းသင်း မမှားပါစေနဲ့

တခါတုန်းက လက်ပံပင်ကြီး တပင်ကို အမှီသဟဲ ပြုပြီး နေထိုင်ကြတဲ့ ကျေးညီနောင် ၂ ကောင် ရှိတယ်။ ကျေးညီနောင် တို့ဟာ အစာရှာရင်း၊ နားခိုရင်းနဲ့ပဲ အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် နေထိုင်လျှက် ရှိတယ်။

တရက်မှာတော့ လေပြင်းမုန်တိုင်း ကျရောက်တာကြောင့် လက်ပံပင်ကြီး ပေါ်က ကျေးညီနောင် ၂ ကောင်ဟာ လေပြင်းမုန်တိုင်းထဲ ပါသွားကာ တကွဲတပြားစီ ကွဲသွားခဲ့ ရတယ်။

လေပြင်းမုန်တိုင်းကြောင့် ညီဖြစ်သူ ကျေးသားက သူခိုးများ နေတဲ့ အရပ်ဆီ ရောက်သွား ခဲ့တယ်။ သူခိုးများက ကျေးသားငှက်ငယ်လေးကို ကောက်ယူပြီး ကျွေးမွေး ပြုစုထား ကြတယ်။

အကိုဖြစ်သူ ကျေးသားကတော့ ရသေ့ကြီးတပါး နေထိုင် သီတင်းသုံးရာ ကျောင်းသင်္ကန်း အတွင်းကို ရောက်သွားလို့ ရသေ့ကြီးက ကောက်ယူပြီး မွေးစားလိုက် ပါတယ်။

တရက်မှာတော့ ဘုရင်ကြီး တပါးက တောကစား ထွက်လာရာ နေကပူ ချွေးက ထွက်သောကြောင့် သူခိုးများ နေထိုင်ရာ ရွာအနီးက သစ်ပင်အရိပ်မှာ အနားယူနေ ပါတော့တယ်။

ထိုအခါ သူခိုးတို့ ကျွေးမွေးထားတဲ့ ကျေးသားက "ဘုရင်ကြီးကို သတ်ကြ၊ သူဝတ်ထားတဲ့ အဝတ်တွေကို ချွတ်ယူကြ" လို့ အော်ဟစ် ပြောဆိုလိုက် ပါတယ်။

အခြေအနေကို ချက်ချင်း သဘောပေါက်သော ဘုရင်ကြီးက ဤအရပ်တွင် ဆက်နေရန် မသင့်တော့" ဟု ဆိုကာ ချက်ချင်း ထွက်ခွာသွား ပါတော့တယ်။ ထို့နောက်မှာတော့ ဘုရင်ကြီးက ရသေ့ကြီး နေထိုင် သီတင်းသုံးရာ ကျောင်းသင်္ကန်းဆီ ရောက်သွားခဲ့ပါတယ်။

ထိုအခါ ရသေ့ကြီး ကျွေးမွေး စောင့်ရှောက် ထားတဲ့ ကျေးသားငှက်ငယ်လေးက "အရှင်မင်းကြီး ကြွပါ၊ အမောအပန်း ဖြေပါ၊ အေးမြတဲ့ ရေကို သောက်ပါ၊ ဤသစ်သီးကို စားပါ" လို့ ဆိုကာ ခရီးဦး ကြိုဆိုလိုက် ပါတယ်။

ယဉ်ကျေး လိမ္မာလှတဲ့ ကျေးကလေးရဲ့ ခရီးဦး ကြိုပုံကို တွေ့ရတော့ ဘုရင်ကြီးက "အသင် ကျေးကလေး၊ သင်နဲ့ မတွေ့ခင် ကျေးလေးတကောင် တွေ့ခဲ့ရတယ်။ သင်နဲ့ မတူပါ။ သင်ကတော့ အလွန် ယဉ်ကျေးတယ်" လို့ ပြောလိုက်ပါတယ်။

ထိုအခါမှာ လိမ္မာယဉ်ကျေးသော ကျေးသားက ဘုရင်ကြီး လမ်းမှာ တွေ့ခဲ့တဲ့ ကျေးဟာ အကျွန်ုပ်ရဲ့ ညီတော် ဖြစ်ကြောင်း၊ လေမုန်တိုင်းကြောင့် ညီနောင် ၂ ကောင် တနေရာစီ ရောက်သွားကြောင်းကို ပြောပြလိုက် ပါတယ်။

"ညီလေးက သူခိုးတွေ နေထိုင်ရာ အရပ်ဆီ ရောက်သွားသောကြောင့် ရိုင်းစိုင်းသွား ပါတယ်။ ဆရာရသေ့ထံ ရောက်ရှိလာသော ကျွန်ုပ်ကတော့ ဆရာရသေ့နဲ့ အတူနေရတာကြောင့် ယဉ်ကျေး လိမ္မာပါတယ်" လို့ ရှင်းပြလိုက် ပါတော့တယ်။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသော စကားပုံ ဆိုရိုးရှိတာကြောင့် လူဆိုးနှင့် ပေါင်းမိရင် လူဆိုး ဖြစ်နိုင်ကြောင်း၊ လူတော် လူကောင်းနှင့် အပေါင်းအသင်း လုပ်ရင် လူကောင်း ဖြစ်နိုင်သောကြောင့် အပေါင်းအသင်း မမှားဖို့ လိုအပ်ပါတယ်။ Crd

Post a Comment

0 Comments