နှလုံးသားချင်း မဝေးပါစေနဲ့

တခါက ရဟန်းပျို တစုဟာ ဂင်္ဂါမြစ်ကမ်း နဘေးမှာ ရေချိုးနေကြရင်း တယောက်နဲ့ တယောက် အငြင်းအခုံ ပြုလုပ်ရာ ကနေ ဒေါသနဲ့ အော်ဟစ်နေ ကြပါတယ်။

ခေါင်းဆောင် ရဟန်းက အဆိုပါ ရဟန်းတွေကို "အသင်တို့ ဘာလို့ ဒေါသ ဖြစ်တဲ့အခါမှာ တယောက်နဲ့ တယောက် အော်ဟစ်နေ ကြတာလို့ ထင်လဲ" လို့ မေးလိုက်ပါတယ်။

ရဟန်းပျိုတွေဟာ တခါဏမျှ စဉ်းစားပြီး သူတို့ထဲက တဦးမှ "တပည့်တော်တို့ စိတ်လွတ်သွားလို့ အော်ဟစ်ကြတာပါ ဘုရား"

"ဒါပေမယ့် ကိုယ့်အနားမှာပဲ ရှိနေတဲ့သူကို ဘာလို့ အော်ဟစ် ပြောဆိုရတာလဲ။ အသင်တို့ ပြောလိုတာကို အေးဆေး သက်သာစွာ ပြောလို့ ရတာပဲလေ" လို့ ရဟန်းခေါင်းဆောင်က ထပ်မေးလိုက်တယ်။

ရဟန်းပျိုတွေက အဖြေ အမျိုးမျိုး ပေးကြပေမယ့် တယောက် အဖြေကို ကျန်တဲ့သူတွေက မကျေနပ်တာနဲ့ပဲ နောက်ဆုံးတော့ ရဟန်းခေါင်းဆောင်က အခုလို ပြောတယ်။

"လူနှစ်ယောက်ဟာ တယောက်နဲ့ တယောက် စိတ်ဆိုးကြပြီ ဆိုရင် သူတို့ရဲ့ နှလုံးသားတွေဟာ ဝေးကွာသွား ကြတယ်။ ဒါကြောင့် ဝေးကွာသွားတဲ့ အကွာအဝေး အလျောက် တဦး ပြောစကားကို တဦး ကြားရဖို့အတွက် တယောက်နဲ့ တယောက် အော်ဟစ်ကြခြင်း ဖြစ်တယ်။

သူတို့ ပိုစိတ် ဆိုးလေလေ သူတို့ နှလုံးသားတွေက ပို ဝေးကွာလေလေ ဖြစ်ပြီး သူတို့ ပိုမို ကျယ်လောင်စွာ အော်ဟစ် ပြောဆိုကြမှာ ဖြစ်တယ်။

နောက် ဥပမာတခုနဲ့ ပြောရရင် လူနှစ်ဦး ချစ်ကြိုက်သွားတယ် ဆိုပါဆို့ သူတို့နှစ်ဦးဟာ အော်ဟစ် ပြောဆိုခြင်း မပြုပဲ တိုးတိတ်ညှင်သာစွာပဲ ပြောဆိုကြတယ်။ သူတို့ နှလုံးတွေက အနီးဆုံးမှာ ရှိနေကြ တယ်လေ။

သူတို့ နှလုံးသားကြားမှာ ရှိတဲ့ အကွာအဝေးက မရှိသလောက်ကို နည်းပါးတယ်။ တနည်းအားဖြင့် သူတို့ ပိုချစ်လာလေလေ သူတို့ နှလုံးသားတွေ ပိုမို နီးကပ် လာလေလေ ဖြစ်ပြီး နောက်ဆုံး သူတို့ စကားတောင် ပြောဖို့ မလိုတော့ပဲ မျက်လုံးက အကြည့်ချင်းနဲ့ တင်ကို စကားပြောလို့ ရကြပါတယ်။

ဒါကြောင့် အသင်တို့ အငြင်းအခုံ လုပ်ကြတဲ့ အချိန်မှာ အသင်တို့ရဲ့ နှလုံးသားတွေကို အဝေး မရောက်ပါစေနဲ့။ နှလုံးသား နှစ်ခု အဝေး ရောက်စေမယ့် စကားတွေကို မပြောကြပါနဲ့။

ဒါမှမဟုတ်ရင် လူနှစ်ယောက်ရဲ့ နှလုံးသားဟာ ဝေးကွာလွန်း သွားပြီး ပြန်လည် နီးကပ်ဖို့ လမ်းစကို အသင်တို့ ရှာမတွေ့ပဲ ဖြစ်လိမ့်မယ်" phoomyatchal

Post a Comment

0 Comments