ပန်းချီဆရာနှင့် သူခိုး

တခါတုန်းက အညတရ ပန်းချီဆရာ လူငယ်တဦးသည် အိမ်ငယ်လေး တအိမ်တွင် နေပြီး ပုံတူ ပန်းချီကားများ ရေးဆွဲခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ခဲ့သည်။

တနေ့သ၌ အထက်တန်းလွှာ သူဌေးကတော် တဦးသည် ထိုအိမ်ရှေ့မှ အဖြတ် ပန်းချီဆရာ၏ သပ်ရပ်သော လက်ရာကို တွေ့မိပြီး သဘောကျ သောကြောင့် မိမိပုံတူကို ပန်းချီဆွဲခိုင်း စေခဲ့သည်။ ဆွဲခမှာ တသောင်း ဖြစ်သည်။

တပတ်ကြာသော် သူဌေးကတော်မှာ ချိန်းထားသည့် အတိုင်း ပန်းချီရွေးယူရန် လာရောက်ခဲ့သည်။ သူမသည် ပန်းချီကားကို မရွေးခင် စိတ်ထဲ၌ ဤသို့ စဉ်းစားမိသည်။

"ပန်းချီကားချပ် ထဲက လူဟာ ငါပဲ။ တကယ်လို့ ဒီပုံတူကို ငါမဝယ်ပဲ နေရင် နောင်လည်း ဝယ်မဲ့လူ ရှိမှာမဟုတ်ဘူး"

ထိုသို့ စဉ်းစားမိပြီး နာမည်ကြီးသော ပန်းချီဆရာ တယောက်လည်း မဟုတ်သည့် အတွက် နဂို သတ်မှတ်ထားသော ဆွဲခထက် လျော့ပေးရန် ဆုံးဖြတ် လိုက်သည်။

"ငွေတသောင်း အကုန်ခံပြီး ပန်းချီကို မရွေးနိုင်၊ ထက်ဝက်ဈေးသာ ပေးမည်" ဟု လူရွယ်အား ဈေးဆစ် လေသည်။

ထိုကဲ့သို့ တခါမှ မကြုံဖူးသော ပန်းချီဆရာမှာ ထိုစကားကို ကြားသောအခါ အံ့သြသွား မိသည်။ သတ်မှတ်ထားသည့် ဈေးအတိုင်း ပေးသင့်ကြောင်း ကတိတည်သောသူ ဖြစ်သင့်ကြောင်း သူဌေးကတော်အား ရှင်းပြခဲ့သည်။ သူဌေးကတော်က

"တဝက်ဈေးသာ ပေးနိုင်တယ်။ သဘောမတူရင် ပန်းချီကားကို မဝယ်ဘူး။ ရောင်းမလား၊ မရောင်းဘူးလား ဒါပဲပြော"

"မရောင်းနိုင်ဘူး။ ဒီပန်းချီကားကို ကျွန်တော် မရောင်းနိုင် တော့ဘူး။ ခင်ဗျားရဲ့ အထင်အမြင်သေးမှု ကိုလည်း မခံဘူး။ ဒီနေ့မှာ ခင်ဗျားဟာ ကတိမတည်သောလူ ဖြစ်တယ်။ နောင်တချိန်မှာ ဒီပန်းချီကားကို ခင်ဗျား အဆနှစ်ဆယ် ပေးပြီး ပြန်ဝယ်ရလိမ့်မယ်"

သူဌေးကတော်က အလျော့ပေးမည် မဟုတ်မှန်း ရိပ်မိသောကြောင့် ပန်းချီဆရာကလည်း ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။ သူဌေးကတော် ကလည်း

"ဟား ဟား ရယ်ရတယ် အဆ နှစ်ဆယ်တဲ့။ ဒီပန်းချီကားကို အဆနှစ်ဆယ် ပေးပြီး ဝယ်ရလောက်အောင် ငါ မတုံးအသေးဘူး" "ကောင်းပြီလေ ကြည့်ကြသေးတာပေါ့"

သို့နှင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးခဲ့သည်။ ပန်းချီဆရာလည်း ထိုနေရာမှ ထွက်ခွာပြီး ဆရာသမားကောင်း များနှင့် ပန်းချီပညာကို အပတ်တကုတ် ဆက်လက် သင်ယူခဲ့သည်။ ဆယ်နှစ်အတွင်း ပန်းချီလောကတွင် ထိုးဖောက် ထူးချွန်သော ကမ္ဘာကျော် ပန်းချီဆရာတဦး ဖြစ်လာခဲ့သည်။

သူဌေးကတော်မှာ ယခင်က ဖြစ်ပျက်ခဲ့ ဖူးသော ကိစ္စကိုပင် မေ့ပင် မေ့လျော့နေ လောက်ပြီ။ သို့နှင့် တနေ့တွင် သူဌေးကတော်၏ မိတ်ဆွေများက သူမအား သတင်းတခု ပြောပြခဲ့သည်။

"အံ့သြစရာ တခု ပြောရအုံးမယ်။ တနေ့က ငါတို့ နာမည်ကျော် ပန်းချီဆရာ တဦးရဲ့ ပန်းချီပြပွဲကို သွားခဲ့တယ်။ အဲဒီပြပွဲမှာ ဈေးကြီးတဲ့ ပန်းချီကားတချပ် တွေ့ခဲ့တယ်။ ပုံထဲက ရုပ်ပုံဟာ ခင်ဗျားနဲ့ တပုံစံထဲပဲ။ ဈေးက နှစ်သိန်း တဲ့။ ပိုထူးဆန်းပြီး ရယ်စရာကောင်းတာက ပန်းချီကားရဲ့ နာမည်က သူခိုး တဲ့"

သူဌေးကတော်မှာ မူးမေ့မတတ် ခံစားမိသည်။ လွန်ခဲ့သော ဆယ်နှစ်က အဖြစ်အပျက်ကို မြင်ယောင်လာ မိသည်။ သူ၏ အကျင့်သိက္ခာကို အဆုံးအဖြတ် ပေးသော ပန်းချီကား ဖြစ်ခဲ့သည်။ သူမသည် ထိုပန်းချီပြပွဲသို့ ချက်ချင်းသွားပြီး ပန်းချီဆရာအား တောင်းပန်ကာ ပန်းချီကားကို နှစ်သိန်း အကုန်ခံပြီး ဝယ်ယူခဲ့သည်။

ပန်းချီဆရာ၏ အရှုံးမပေး လိုသောစိတ်၊ မဆုတ်မနစ် ကြိုးစားသော ဇွဲနှင့် သူဌေးကတော်အား ခေါင်းငြိမ့်အောင် ကြိုးစားနိုင်ခဲ့သည်။ ထိုလူငယ်ပန်းချီဆရာမှာ နောင်ခါတွင် ကမ္ဘာကျော် ထင်ရှားကျော်ကြား ခဲ့သော ပန်းချီဆရာ ပီကာဆိုပင် ဖြစ်သည်။

လောကတွင် ကိုယ့်အား အထင်အမြင်သေးသူ အလဲထိုးနိုင်သူ မရှိ။ အထင်အမြင် သေးအောင် အလဲထိုးနိုင်အောင် လုပ်နိုင်သောသူမှာ ကိုယ်သာ ဖြစ်သည်။ နိုင်းနိုင်းစနေ

Post a Comment

0 Comments