အနာခံမှ အသာစံရ

တခါတုန်းက ကြက်မတကောင် ရှိပါတယ်။ ကြက်မက အနီရောင် အဆင်းရှိတဲ့ ကြက်မဖြစ်ပြီး ကြက်ကလေး ငါးကောင်လည်း မွေးထားပါတယ်။ သူမမှာ ဘဲ၊ ကြောင်နဲ့ ခွေးတကောင် စတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။

တနေ့မှာတော့ ကြက်မက ဂျုံစေ့ တစေ့ကို ရှာတွေ့ပါတယ်။ ကြက်မက သူ့သူငယ်ချင်းတွေကို မေးလိုက်ပါတယ်။ "ဟေး ဘယ်သူက ဒီဂျုံစေ့ကို စိုက်ပျိုးချင် သလဲ" "ဘယ်သူမှ မစိုက်ပျိုးချင်ဘူး" လို့ ဘဲက ဖြေလိုက်ပါတယ်။

"ငါကောပဲ" လို့ ကြောင်က ငြင်းလိုက်ပြန် ပါတယ်။ "ငါ့ကိုလည်း ထည့်မတွက်နဲ့" လို့ ခွေးက လှည့်ပြောပြန် ပါတယ်။ "ကောင်းပြီလေ၊ အဲဒါဆိုရင် ငါပဲ ဒီဂျုံစေ့ကို စိုက်ထားလိုက် တော့မယ်" လို့ ကြက်မက ပြောလိုက်ပါတယ်။

ကြက်မက ထိုဂျုံစေ့ကို သေချာစိုက်ပျိုးပြီး သေချာ ရေလောင်းပေး ပါတယ်။ ရက်အနည်းငယ် ကြာတဲ့အခါမှာ ဂျုံစေ့က အပင်လေးတွေ ပေါက်လာပါတယ်။ တဖြေးဖြေးနဲ့ ဂျုံပင်တွေက ဝါညိုရောင်သန်းတဲ့ ဂျုံတွေ ပေါက်ရောက် ရှင်သန်လာတာပေါ့။

အဲဒီအခါ ကြက်မက မေးပြန်တယ်။ "ကဲ ဒီဂျုံတွေကို ဘယ်သူက ရိတ်သိမ်းချင် သလဲ" "ငါတော့ မပါ" ဘဲက ပျင်းရိနေတဲ့ အသံကြီးနဲ့ ပြန်ဖြေ ပါတယ်။ "ငါလည်း မပါဘူး" ကြောင်က ပခုံးတွန့်ရင်း ဖြေလိုက်ပြန်တယ်။

"ငါ့ကို ထည့်မတွက်ကြနဲ့" လို့ ခွေးက ငြင်းလိုက် ပြန်တယ်။ "ကောင်းပြီလေ အဲဒီလို ဆိုရင်တော့ ငါ့ဟာငါပဲ ရိတ်သိမ်း လိုက်တာပေါ့" လို့ ကြက်မက ပြောလိုက်ပြီး တနေ့လုံး ဂျုံတွေ ရိတ်သိမ်းရတာနဲ့ အလုပ်ရှုပ်နေ ခဲ့တာပေါ့။

ညနေစောင်းတဲ့ အခါမှာတော့ ကြက်မမှာ ဂျုံတွေအိတ်ကြီးနဲ့ နှစ်အိတ်တောင် ရလေရဲ့။ "ဟယ်လို၊ အားလုံးပဲ ဂျုံတွေကို ငါနဲ့အတူ ဘယ်သူက ကြိတ်ပေးမလဲ" လို့ ကြက်မက သူ့သူငယ်ချင်းတွေကို မေးပြန်တယ်။ အားလုံးက ငြင်းကြ ပြန်တယ်။

အဲဒါဆိုလည်း ငါ့ဟာငါ့ပဲ ဂျုံတွေ ကြိတ်တာပေါ့။ ဂျုံမှုန့်တွေ ရလာတဲ့အခါ ငါ့ဟာငါပဲ ပေါင်မုန့်ဖုတ်တော့မယ်" လို့ ကြက်မက အသိပေး လိုက်ပါတယ်။ နောက်တနေ့မှာတော့ ကြက်မက အနံ့အရသာနဲ့ ပြည့်ဝတဲ့ ပေါင်မုန့်တွေ ဖုတ်လေတော့တယ်။

"ကဲ ဘယ်လိုလဲ ဒီပေါင်မုန့်တွေ ဘယ်သူများ စားချင်ကြမလဲ" လို့ သူ့သူငယ်ချင်းတွေကို မေးလိုက် ပြန်တယ်။ အဲဒီအခါ မှာတော့ ဘဲက ထဖြေပါတယ်။ "ငါ စားမယ်ဟေ့" "ငါလည်း စားမယ်" လို့ ကြောင်က သွားရည်တွေ သပ်ရင်း ဖြေပြန်တယ်။ "အရသာ ရှိမယ့်ပုံပဲ၊ အနံလေးက မွှေးနေတာပဲ" လို့ ခွေးက ပြောပြန်တယ်။

"နင်တို့ ဘယ်သူမှ စားဖို့ မစဉ်းစားနဲ့။ ငါပဲ ဂျုံတွေကို ရိတ်သိမ်းပြီး ကြိတ်လာရတယ်။ အိမ်မှာ ပေါင်မုန့် ဖုတ်လာရတာ။ ငါနဲ့ ငါ့ကလေးတွေပဲ ဒီပေါင်မုန့်ကို စားခွင့် ရှိတယ်" လို့ ကြက်မက ပြောလိုက်ပြီး သူမနဲ့ သူမရဲ့ ကြက်ကလေးတွေဟာ ပေါင်မုန့်ကို မြိန်ရေရှက်ရေ စားလိုက်ပါသတဲ့။

သင်ခန်းစာ။ ။ ဒီပုံပြင်လေးကတော့ အနာမခံ အသာမစံရ ဆိုတဲ့ စာသားလို ပါပဲ။ ကိုယ်တိုင်ဘာမှ မကြိုးစားချင်ရင် ဘာကိုမှ ခံစားခွင့် ရမှာ မဟုတ်ပါဘူး ဆိုတဲ့ သင်ခန်းစာလေး ပေးထားတာ ဖြစ်ပါတယ်။

ဒီပုံပြင်ထဲက ကြက်မလို ကိုယ်တိုင် ကြိုးစားရင် ကိုယ်တိုင် ခံစားခွင့်ရှိမယ် ဆိုတာ သားသားမီးမီးတို့ကို နားလည်အောင် ပြောပြပေးလိုက်ပါနော်။ Crd

Post a Comment

0 Comments