ကြောက်တတ်သောသူ

တခါက အလွန် ကြောက်တတ်ရှာတဲ့ ကြွက်ကလေး တကောင် ရှိခဲ့တယ်။ သူကြောက်တာက ကြောင်။ ကြောင်သံ ကြားတာနဲ့ စိတ်ဆင်းရဲ လာရော။ တနေ့တော့ တန်ခိုးရှင်ကို ဆုတောင်းသတဲ့။ ကြောင်ဖြစ်ပါရစေ။

တန်ခိုးရှင်ကလည်း သနားပြီး ဖန်ဆင်းပေး လိုက်တယ်။ ကဲ ကြွက်လေးလည်း ကြောင် ဖြစ်သွားပြီ။ ကြောင် ဖြစ်တော့ ကြောက်စိတ် ထပ်ပေါ်လာတယ်။ ခွေးကို ကြောက်တာ။

အဲဒါနဲ့ တန်ခိုးရှင်ကို ထပ် ဆုတောင်းတယ်။ ခွေး ဖြစ်ပါရစေတဲ့။ တန်ခိုးရှင်လည်း စီစဉ် ပေးလိုက်တယ်။ ခွေး ဖြစ်သွားပြီ။ ခွေး ဖြစ်တော့ မြေခွေးကို ကြောက်ပြန်သတဲ့။

တန်ခိုးရှင် စိတ်ညစ်လာပြီ။ ကဲ လုပ်ပေးလိုက် ဦးမယ် ဆိုပြီး မြေခွေး ဖြစ်အောင် လုပ်ပေးတယ်။ မြေခွေး ဖြစ်တော့ ဝံပုလွေကို ကြောက်ပြန်ရော။ ဆုတောင်းပြန်ပြီ။ ဝံပုလွေ ဖြစ်ပါရစေ။

တန်ခိုးရှင်လည်း နောက်ဆုံးပဲ ဆိုပြီး ဝံပုလွေ အဖြစ် ပြောင်းပေး လိုက်တယ်။ ဝံပုလွေ ဘဝ ရောက်လို့ မကြာခင် ကျားကို ကြောက်ပြန်တယ်။ ထပ်ဆုတောင်းတယ်။ ကျား ဖြစ်ပါရစေ။

နောက်တနေ့ မနက်ကျတော့ ကျားမဖြစ်ဘဲ သူဟာ ကြွက် ပြန်ဖြစ် နေပါတယ်။ တန်ခိုးရှင်ကို ငိုယိုပြီး ဘယ်လို ဖြစ်တာလဲ မေးတော့ တန်ခိုးရှင်က ရှင်းပြတယ်။

"မင်းက ခန္ဓာကိုယ်သာ ပြောင်းသွားတယ်။ ကြောက်တတ်တဲ့ နှလုံးသားက လုံးဝ မပြောင်းလဲ သွားဘူး။ ငါ မင်းကို ဘာကောင် ဖြစ်အောင် လုပ်လုပ် မင်းက ကြောက်နေမှာပဲ။ ဒီတော့ ကြွက် ဘဝပဲ နေပါကွ။၊ မင်းနဲ့ ပိုသင့်တော် ပါတယ်" တဲ့။

ဒီပုံပြင်ထဲက လိုမျိုး လူလည်း ကံကောင်းလို့ အပြင်ပန်း ဘဝ ပြောင်းလဲသွား ရင်တောင် နှလုံးသားထဲက အကြောက်တရား မပြောင်းလဲ နိုင်ရင် အခက်အခဲတွေ ကိုပဲ အာရုံစိုက်မိ နေပါလိမ့်မယ်။ အခွင့်အလမ်းကို အာရုံစိုက်မိမှာ မဟုတ်ပါဘူး။

ဘဝတခုကို ပြောင်းပစ်တော့မယ်လို့ ဆုံးဖြတ်ထားရင် မိမိစိတ်ဓာတ်ကို အရင်ဆုံး ပြောင်းပစ်ဖို့ ပိုအရေးကြီး ပါတယ်။ အပြင်ဘက်မှာ အားနည်းနေလည်း အတွင်းထဲက ရဲရင့်တဲ့ နှလုံးသား ရှိရင် ယှဉ်ပြိုင်နိုင် ပါတယ်။

ဒီလိုပြောလို့ ရှေ့နောက် ချိန်ဆတဲ့ ဉာဏ်ပညာ မပါဘဲ ဇွတ်တိုးလုပ်ပါ၊ အောင်မြင်လိမ့်မယ်လို့ မဆိုလို ပါဘူး။ ဉာဏ်ပညာဟာ အောင်မြင်ဖို့ အရေးအကြီးဆုံး အချက်ထဲမှာ ပါပါတယ်။

ဒါပေမယ့် ချီတုံချတုံ ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့၊ နယ်ပယ်သစ် တခုကို ဝင်ဖို့ အခက်ဆုံး ဖြစ်နေတဲ့ ပထမ ခြေလှမ်း စလှမ်းဖို့တော့ လုံလောက်တဲ့ သတ္တိရှိမှ ရပါမယ်။

အခက်အခဲတွေ ကျိန်းသေ တွေ့ရမယ့် လောကကို ရင်ဆိုင်ဖို့ အတွက် နှလုံးသားက ရဲရင့်ဖို့ လိုပါတယ်။ ကြောက်တတ်တဲ့ ကြွက် နှလုံးသားနဲ့တော့ ဘယ်နေရာမှာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ Argyi

Post a Comment

0 Comments