အသိဉာဏ်ပါသော စောင့်ရှောက်မှု

တခါတုန်းက ပန်းထိမ်ဆရာတဦး ကွယ်လွန် သွားပြီးနောက် သူ၏ မိသားစုမှာ စီးပွားရေး အခြေအနေ ကျဆင်း လာခဲ့သည်။ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းရန် အတွက် မိသားစုမှာ ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေ ရသည်။

တနေ့မှာ ပန်းထိမ်ဆရာရဲ့ ဇနီးက နီလာလည်ဆွဲလေး တခုကို သိမ်းထားရာမှ ထုတ်လိုက်ပြီး သူမ၏ သားကို ပေးပြီး "သားရေ ဒီလည်ဆွဲကို ယူပြီး မင်းဦးလေး ဆိုင်ကိုသွား လည်ဆွဲကို ပေးလိုက်။ လည်ဆွဲအတွက် တန်ဖိုးငွေကို သားပြန်ယူခဲ့ပါ" လို့ ပြောတယ်။ ကောင်လေးလည်း မိခင် ပြောသည့် အတိုင်း လည်ဆွဲကို ယူပြီး သူ့ဦးလေးဆီ သွားပေးတယ်။

ဦးလေးသည် လည်ဆွဲကို ယူကြည့်ပြီး ကောင်လေးကို ပြောတယ်။ "သားရေ လည်ဆွဲကို မင်းအမေဆီ ပြန်ယူသွားလိုက်ဦး။ သူ့ကို ပြောလိုက် အခု ကျောက်မျက်ဈေးတွေ ကျနေတယ်။ နောက် ဈေးကောင်းတဲ့ အခါမှ ရောင်းပါလို့ ပြော။ အခုတော့ မင်းအမေ ဈေးသုံးဖို့ ငွေအနည်းငယ် ပေးလိုက်မယ်။

သြော် ဒါနဲ့ မင်းအခု အလုပ် မရှိဘူး အားနေတယ် မဟုတ်လား။ မနက်ဖြန် ဦးလေးရဲ့ ကျောက်မျက်ဆိုင်မှာ အလုပ်လာလုပ်ကွာ။ ဦးလေးက မင်းကို လုပ်အားခ ပေးမှာပေါ့ကွ" လို့ ပြောလိုက်တယ်။

ကောင်လေးလည်း သူ့ဦးလေး ပေးလိုက်သည့် ငွေအနည်းငယ်နဲ့ သူတို့မိသားစု ရေရှည် ရပ်တည်နိုင်မည် မဟုတ်၊ မနက်ဖြန်က စလို့ ဦးလေးဆိုင်မှာ အလုပ်ဆင်းမှ ဖြစ်မယ် လို့ စဉ်းစားမိတယ်။

နောက်နေ့က စ၍ ကောင်လေးသည် သူ့ဦးလေးဆိုင်သို့ သွားရောက်ပြီး အလုပ်ဆင်းသည်။ သူသည် အလုပ် လုပ်နေရင်း အဖိုးတန် ကျောက်မျက်တို့၏ အကြောင်းကို လေ့လာ သင်ယူခဲ့သည်။

လုပ်သက် ရင့်လာတာနဲ့ အမျှ ကျောက်မျက် အကြောင်းကို အတော်လေး စစ်ဆေး အကဲဖြတ် နိုင်လာသည်။ ကျောက်မျက်ကို ကြည့်ရှုပြီး ဈေးဖြတ်နိုင်သည့် အဆင့်သို့ပင် ကျွမ်းကျင် တတ်မြောက်လာ ခဲ့လေသည်။

တနေ့မှာ ဦးလေးက "လူလေးရေ မင်းအမေဆီ သွားလိုက်ဦး အခု ကျောက်မျက်ဈေးတွေ ကောင်းနေတယ်။ ဒီအချိန် ရောင်းရင်ဈေးကောင်း ရမှာလို့ ပြောပြီး နီလာဘယက်ကို ယူလာခဲ့" ဟု ပြောသည်။ ကောင်လေးလည်း အိမ်ပြန်ခဲ့သည်။

ထို့နောက် သူ့အမေဆီမှ နီလာလည်ဆွဲကို ယူပြီး စစ်ဆေး ကြည့်ရှုရာ လည်ဆွဲမှာ အစစ် မဟုတ်၊ အတု ဖြစ်ကြောင်း သိရလေသည်။ နောက်တနေ့တွင် ကောင်လေးသည် သူ့ဦးလေး ဆိုင်သို့ ပြန်လာခဲ့သည်။ လည်ဆွဲကိုတော့ သူ ယူမလာခဲ့ တော့ပေ။

ဦးလေးမှ "ဘာလို့ လည်ဆွဲ မယူလာ ရတာလဲ" ဟု မေးရာ ကောင်လေးက "လည်ဆွဲလား မယူခဲ့ တော့ဘူးလေ။ ကျွန်တော်သေသေချာချာ စစ်ဆေး ကြည့်ခဲ့ပြီးပြီ အဲ့ဒါ အတုကြီးဗျ။ ဘာမှ တန်ဖိုး မရှိပါဘူးဗျာ" ဟု ပြောလိုက်သည်။

ပြီးနောက် ကောင်လေးက ဦးလေးကို ပြန်မေးလိုက်သည်။ "ဦးလေး အမေ့ လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီး ဖြစ်ပေမယ့် ဘာဖြစ်လို့ ဈေးကောင်းရမှ ရောင်းပါ ဆိုပြီး သိမ်းခိုင်းထားရတာလဲ ခင်ဗျာ"

"ဒီမယ် လူကလေး မင်း လည်ဆွဲကို ယူလာခဲ့စဉ် တုန်းက လည်ဆွဲက အတုပါလို့ ငါပြောလိုက်ရင် မင်းတို့မိသားစု စိတ်ဓာတ် ပိုကျသွားမယ်။ နောက်ပြီး ငါက လိမ်ပြောတယ်လို့ မင်းတို့ ထင်ကြလိမ့်မယ်။ အခုဆို မင်းလည်း ကျောက်မျက်အကြောင်း သိနေပြီပဲ လည်ဆွဲက အတု ဆိုတာကို မင်းကိုယ်တိုင် သိသွားရတာပေါ့"

အသိဉာဏ် မပါတဲ့ စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမြော်အမြင် ကြီးစွာ ဆောင်ရွက်သင့် လှပါတယ်။ Ref: Price of necklace

Post a Comment

0 Comments