ဆင်းရဲရခြင်း၏ အကြောင်းအရင်း

တခါက အရမ်းကို ဆင်းရဲတဲ့ လူတယောက် ရှိခဲ့တယ်။ သူ့ကို အရမ်း ချမ်းသာတဲ့ လူတယောက်က တွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင် စိတ်တွေ ပေါ်လာတယ်။

သူဌေးက သူ့ကို နွားတကောင် လက်ဆောင် ပေးခဲ့တယ်။ သူ့ကို လယ်ယာ ထွန်ယက်ဖို့ သေချာ မှာခဲ့တယ်။ "အခုချိန် မျိုးစေ့ ကြဲထားပြီး ကောင်းကောင်း ထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့ စကားလုံးနဲ့ ဝေးဝေး ခွာနိုင်တော့မှာပါ" လို့ ပြောခဲ့တယ်။

သူဆင်းရဲလေး ကတော့ အစပိုင်းမှာ မျှော်လင့်ချက် အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ရှာတယ်။ ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ပါဘူး။ နွားက မြက်စားတယ်၊ လူက ထမင်းစားတယ်။ ဖြတ်သန်းရတဲ့ ဘဝက အရင်က ထက်တောင် ခက်ခဲနေ ပါသေးတယ်။

သူဆင်းရဲလေးဟာ ပြန်စဉ်းစားတယ်။ နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ ဝယ်လိုက်ရင် ကောင်းမယ်။ တကောင်ကို အရင် သတ်စား လိုက်ပြီး ကျန်တာတွေကို ဆက်မွေးထား လိုက်မယ်။ ဆိတ်ကလေးတွေ မွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ ရတယ်။ ဒါလည်း တော်တော်လေး အမြတ် ရနိုင်တယ်။

သူဆင်းရဲလေးက သူ့ရဲ့ အစီအစဉ်ကို အကောင်အထည် ဖေါ်လိုက်ပါတယ်။ ဆိတ်တကောင်ပဲ သတ်စားလိုက်တယ်။ နောက်ပိုင်းမှာ ဆိတ်ကလည်း တော်တော်နဲ့ ကလေး မမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ် နောက်တကောင်ကို သတ်စားလိုက်တယ်။

သူ ပြန်စဉ်းစားတယ်။ ဒီတိုင်းဆို မဖြစ်တော့ဘူး။ ဆိတ်ကိုလည်း ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင် ကောင်းမယ်။ ကြက်က ဥ ဥတာ ပိုမြန်တယ်။ ကြက်ဥကနေ ဝင်ငွေ ချက်ချင်း ရနိုင်တယ်။ ဒါဆိုရင် ငါလည်း နည်းနည်း ချောင်သွားလိမ့်မယ်။

သူ စီစဉ်ထားတဲ့ အတိုင်း လုပ်လိုက်ပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝက ဘာမှ ပြောင်းလဲမှု မရှိဘူး။ ပိုခက်ခဲလာ ပြန်ပြီ။ နောက်ဆုံးတော့လည်း မနေနိုင်ဘဲ တကောင် သတ်မိ ပြန်တယ်။ ဒီလိုနဲ့ နောက်ဆုံး ကြက်တကောင်ပဲ ကျန်တဲ့ အချိန်မှာ သူတော်တော်လေး စိတ်ဓာတ် ကျသွားတယ်။

သူ ပြန်စဉ်းစားတယ်။ ကြီးပွားဖို့ ဆိုတာ မဖြစ်နိုင်တော့ ပါဘူး။ ကြက်ကို ရောင်းပြီး အရက် ဝယ်သောက်တာပဲ ကောင်းပါတယ်။ ဗိုက်ထဲ အရက်ဝင်သွားရင် အတွေးထဲကို အနှောက်အယှက်တွေ မဝင်တော့ပါဘူးလေ။

နှစ်ကုန်လို့ သူ့ကို ကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်။ သူဌေး ပြန်တွေ့လိုက်တာ ကတော့ အရက်လေး တမြမြနဲ့ မူးနေတဲ့ သူဆင်းရဲကို တွေ့လိုက်တယ်။ နွားကလည်း မရှိတာ ကြာရောပေါ့။ အိမ်ကလည်း စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်။

သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကို တွေ့တော့ သက်ပြင်းချ လိုက်ပြီး ဘာမှပြန်မပြောပဲ လှည့်ထွက်သွား လိုက်တယ်။ သူဆင်းရဲလေး ကတော့ ဆင်းရဲမြဲ ဆင်းရဲနေခဲ့တယ်။

ဆင်းရဲတဲ့လူ အများစုမှာလည်း အိမ်မက်ဆိုတာ ရှိခဲ့ပါတယ်။ အခွင့်အရေး ဆိုတာလည်း ကြုံခဲ့ပါတယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစိုက်မက်မက် လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်။

စီးပွားရေး လုပ်ငန်းရှင်ကြီး တယောက်က သူအောင်မြင်တဲ့ လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်။ "ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ ငွေနဲ့ စုထားတဲ့ငွေကို မထိမိ ပါစေနဲ့။ ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေ ပေးနိုင်တယ်။ အကြွေးရှင်းဖို့ တွန်းအား ပေးနိုင်တယ်။ ဒါဟာ ကောင်းတဲ့ အကျင့်လေးတခုပါ" တဲ့။

စရိုက်က အကျင့်တခု ဖြစ်စေတယ်။ အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်။ အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွာခြားတဲ့ နေရာကတော့ အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်။ အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်။

ရှုံးနိမ့်တဲ့သူ ကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲ တွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်။ လမ်းကြောင်းကို ပြောင်းပစ်တယ်။ အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမီဘူးပေါ့။ ဒါဟာ ဆင်းရဲခြင်း၏ အကြောင်းရင်း အမှန်တွေပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments