လျှာအပူလောင်တဲ့အခါ အချိန်တိုအတွင်း သက်သာစေမယ့်နည်းလမ်းများ

တစ်ခါတရံမှာ ဗိုက်အရမ်းဆာပြီး ပူနေတဲ့အစားအစာတွေကို အေးအောင်မစောင့်နိုင်ဘဲ စားမိလိုက်တာမျိုး ရှိတတ်ပါတယ်။ အဲဒီအခါမှာတော့ လျှာက ပူသွားပြီး နေရထိုင်ရခက်စေပါတယ်။

အစားအစာရဲ့အရသာကိုလည်း သေချာမရတော့ပါဘူး။ အဲဒါကြောင့် လျှာအပူလောင်တဲ့အခါမှာ သက်သာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ရေခဲ

ရေခဲက အပူလောင်တာတွေကို သက်သာစေပါတယ်။ လျှာအပူလောင်တဲ့အခါ ရေခဲမုန့်စားတာ၊ ရေခဲတုံးလေးတွေကို ကပ်ထားတာတို့ ပြုလုပ်နိုင်ပါတယ်။ ရေခဲက လျှာရောင်ရမ်းတာကို ကုစားပေးနိုင်ပါတယ်။

ရေအေး

လျှာအပူလောင်သွားတဲ့အခါ အလွယ်ကူဆုံးသက်သာစေမယ့် နည်းလမ်းကတော့ ရေအေးသောက်တာပါ။ ရေအေးကလည်း အပူလောင်တာကို သက်သာစေပါတယ်။ ရေအေးက ခံတွင်းကိုလည်း ရေဓာတ်ပြည့်စေပါတယ်။

ရေအေးက တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ တံတွေးကလည်း လျှာအပူလောင်တာကို သက်သာစေပြီး ဘက်တီးရီးယားတွေ မဝင်အောင် ကာကွယ်ပေးပါတယ်။

ပျားရည်

ပျားရည်မှာ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့အပြင် အပူလောင်တာကိုလည်း လျော့ပါးစေပါတယ်။ လျှာအပူလောင်တဲ့အခါ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို စားလိုက်ပါ။ ဒါပေမယ့် ပျားရည်နဲ့ ဓာတ်မတည့်သူတွေကတော့ ဒီနည်းကို မပြုလုပ်သင့်ပါဘူး။

ဒိန်ချဉ်နဲ့ နွားနို့

ဒိန်ချဉ်က လျှာအပူလောင်တာကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ ဒိန်ချဉ်မှာ အေးမြစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ လျှာအပူလောင်တဲ့အခါ ဒိန်ချဉ်ကို ဖြည်းဖြည်းချင်းစားလိုက်ပါ။ ဒိန်ချဉ်ကို လျှာပေါ်မှာ တင်ထားပြီး ခဏကြာမှ မျိုချလိုက်ပါ။ နွားနို့ကလည်း အပူလောင်တာကို သက်သာစေတဲ့ အစွမ်းရှိပါတယ်။

သကြား

လျှာအပူလောင်တဲ့အခါမှာ သကြားကို အသုံးပြုပါ။ သကြားကို လျှာပေါ်မှာ တင်ထားပြီး အရည်ပျော်သွားမှ မျိုချလိုက်ပါ။ သကြားက လျှာအပူလောင်တာကို အချိန်ခဏအတွင်းမှာတင် သက်သာစေပါတယ်။ ဒါ့အပြင် အစားအစာတွေရဲ့အရသာကိုလည်း အချိန်တိုအတွင်း ပြန်ရစေပါတယ်။

ဆားရည်

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဆားရည်ပါ။ ဆားရည်က ခံတွင်းနဲ့ပတ်သက်တဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး မွှေပါ။ အဲဒီနောက် ဆားရည်နဲ့ ပလုပ်ကျင်းပါ။ တစ်နေ့ကို ၃ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က ထိခိုက်ဒဏ်ရာတွေနဲ့ အပူလောင်ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အရမ်းကို ထိရောက်ပါတယ်။ ရှားစောင်းလက်ပတ်အရွက်ကိုယူပြီး ဂျယ်လ်လေးတွကို ထုတ်ယူပါ။

အဲဒီနောက် ရှားစောင်းလက်ပတ်ဂျယ်လ်လေးတွေကို လျှာပေါ်မှာ တင်ထားပါ။ ရှားစောင်းလက်ပတ်က လျှာပေါ်က တစ်ရှူးလေးတွေကိုလည်း ကောင်းမွန်အောင် ပြုပြင်ပေးပါတယ်။

ပူဒီနာ

ပူဒီနာမှာ menthol ပါတာကြောင့် အပူလောင်တာတွေကို သက်သာပြီး အေးမြစေပါတယ်။ ရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေပါတယ်။ ပူဒီနာက ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ပူဒီနာကို ဝါးစားလို့ရသလို ပူဒီနာနဲ့ ပြုလုပ်ထားတဲ့သွားတိုက်ဆေးကို လျှာပေါ်မှာ တင်ထားလို့လည်း ရပါတယ်။

လျှာအပူလောင်တဲ့အခါ မလုပ်သင့်တဲ့အရာများ

- ပူစပ်စပ်အစားအစာတွေ၊ မာတဲ့အစားအစာတွေ၊ အချဉ်ဓာတ်များတဲ့ အစားအစာတွေကို မစားသင့်ပါဘူး။ အေးပြီး နူးညံ့တဲ့အစားအစာတွေကိုသာ စားပေးသင့်ပါတယ်။

- လျှာအပူလောင်နေတုန်း လျှာကို သွားတိုက်တံနဲ့ မပွတ်တိုက်သင့်ပါဘူး။ သွားတိုက်တံနဲ့ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ရင် ပိုပြီးနာလာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments