ဆိုရှယ်မီဒီယာမှာ ဘယ်တော့မှ မတင်သင့်တဲ့အရာ (၈) ခု

သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဆိုရှယ်မီဒီယာပါ။ ဆိုရှယ်မီဒီယာတွေက ယနေ့ခေတ်မှာ အရမ်းကို တွင်ကျယ်လာတာကြောင့် မသုံးသူကလည်း ခပ်ရှားရှားပါပဲ။ အဲဒါကြောင့် ဆိုရှယ်မီဒီယာသုံးနေပြီဆိုရင် မတင်သင်တဲ့ အကြောင်းအရာ (၈) မျိုးအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မွေးနေ့အပြည့်အစုံ

ဆိုရှယ်မီဒီယာမှာ သူငယ်ချင်းတွေ၊ မိသားစုတွေက မွေးနေ့ဆုတောင်းပေးတာကို လူအများစုက သဘောကျကြပါတယ်။ ဒါပေမယ့် သင့်ရဲ့မွေးနေ့အပြည့်အစုံက လူလိမ်တွေအတွက် သင့်ဆီက အချက်အလက်တွေ ခိုးယူဖို့ အခွင့်အရေးဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် မွေးနေ့အပြည့်အစုံအကုန်လုံးကို မတင်သင့်ပါဘူး။

၂။ အတည်မပြုရသေးတဲ့သတင်း၊ သံသယဖြစ်ဖွယ်သတင်း

အတည်မပြုရသေးတဲ့သတင်း၊ မသေချာတဲ့သတင်း၊ ရင်းမြစ်မပါတဲ့သတင်းတွေကို အချက်အလက်အမှန်မစစ်ဆေးဘဲ တင်တာက သင်ကိုယ်တိုင်ကိုသာမက အခြားလူတွေကိုပါ ထိခိုက်နစ်နာစေနိုင်ပါတယ်။ အဲဒါကြောင့် သတင်းတွေကို ယုံကြည်ရတဲ့နေရာတွေကနေ စိစစ်ပြီးမှသာ တင်သင့်ပါတယ်။

၃။ သင့်ရဲ့လက်ရှိနေရာ

သင့်ရဲ့လက်ရှိရောက်ရှိနေတဲ့နေရာကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ခဏခဏတင်ရင် သူခိုးတွေက သင်အိမ်မှာ မရှိတာကို ရိပ်မိသွားနိုင်ပါတယ်။ အိမ်ကို ဖောက်ထွင်းမယ့်သူအတွက် မီးစိမ်းပြသလို ဖြစ်သွားမှာပါ။

၄။ လူသိမခံလိုသူတွေရဲ့ သတင်းကောင်းတွေအကြောင်း

ဆိုရှယ်မီဒီယာတွေပေါ်မှာ လူသိမခံလိုဘဲ အေးအေးဆေးဆေးနေတတ်သူတွေရဲ့သတင်းကောင်းတွေကို ခွင့်ပြုချက်မယူဘဲ တင်လိုက်တာက သူ့အတွက် ကိုယ်ရေးကိုယ်တာကိုချိုးဖောက်ခံရသလိုပါပဲ။ တစ်ဖက်သားအပေါ် မလေးမစားရာလည်း ရောက်စေပါတယ်။

၅။ ကလေးတွေရဲ့နာမည်

ဆိုရှယ်မီဒီယာမှာ ကလေးတွေရဲ့ပုံကို တင်တဲ့အခါ ကလေးတွေရဲ့နာမည်ကို ထည့်သွင်းပြီး မတင်သင့်ပါဘူး။ ကလေးတွေရဲ့နာမည်ကို ထည့်သွင်းပြီးတင်တာက လူလိမ်တွေကို အခွင့်အရေးပေးလိုက်သလိုပါပဲ။ ဒါ့အပြင် ကလေးတွေရဲ့လက်ရှိနေရာကိုလည်း ထည့်ပြီးမရေးသင့်ပါဘူး။

၆။ အလုပ်အကိုင်ကို ထိခိုက်စေမယ့်အရာ

လက်ရှိအလုပ်ကို သဘောမကျကြောင်း၊ ဒီထက်ကောင်းတဲ့အလုပ်ရှင်ကို မျှော်လင့်ကြောင်း စတဲ့အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာပေါ်မှာတင်တာက သင့်ရဲ့လက်ရှိအလုပ်အကိုင်ကို ထိခိုက်လာစေပါတယ်။

၇။ အလုပ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာအသေးစိတ်

ဆိုရှယ်မီဒီယာမှာ အလုပ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာအသေးစိတ်ကို တင်တာက သင့်အတွက် အရမ်းကို အကျိုးယုတ်စေမှာပါ။ နောက်ဆုံးရက်အမီ အလုပ်ကို အပြီးမသတ်နိုင်တာ၊ ပရောဂျက်အကြောင်း အသေးစိတ်တင်တာ စတာတွေက သင့်ရဲ့ပြိုင်ဘက်ကုမ္ပဏီကို အချက်အလက်တွေ ပေးသလိုဖြစ်နေမှာပါ။

၈။ အိမ်သော့ပုံ

သင့်ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး နည်းနည်းလေး လွဲမှားတာနဲ့ အန္တရာယ်တွေ အများကြီးရှိစေမှာပါ။ အဲဒါကြောင့် အိမ်သော့ပုံ၊ ဗီရိုသော့ပုံနဲ့ အခြားသော့ပုံတွေကို ဆိုရှယ်မီဒီယာမှာတင်တာကို ရှောင်သင့်ပါတယ်။ ဓာတ်ပုံထဲကနေ သော့ပုံစံကို ကြည့်ပြီး ပုံစံတူသော့ပြုလုပ်လို့ရတယ်ဆိုတာ မမေ့သင့်ပါဘူး။

Zombie ( lovemedia)

Post a Comment

0 Comments