သင်နဲ့အတူတူအိပ်တဲ့သူက ညတိုင်းဟောက်နေရင် အရမ်းကို အဆင်မပြေဖြစ်နေမှာပါ။ ဟောက်တဲ့အသံကြောင့် ခဏခဏနိုးတာ၊ အိပ်မရတာတို့ ကြုံနိုင်ပြီး အိပ်ရေးမဝခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရလာမှာပါ။
အဲဒါကြောင့် သင်နဲ့အတူတူ အိပ်တဲ့သူက ဟောက်တယ်ဆိုရင် ဘယ်လိုလုပ်သင့်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ဟောက်ရတဲ့အကြောင်းအရင်းများ
- အအေးမိခြင်း
- ဓာတ်မတည့်ခြင်း
- ကိုယ်အလေးချိန်များခြင်း
- အာခေါင်နိမ့်ခြင်း၊ ထူခြင်းတို့ကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားခြင်း
- လျှာခင်ရှည်တာကြောင့် အိပ်နေစဉ်မှာ တုန်ခါခြင်း
- အာသီး ရှည်လျားခြင်း
- နှာခေါင်းနဲ့သက်ဆိုင်တဲ့ ပြဿနာတွေရှိခြင်း
- အိပ်ရေးမဝခြင်း
- ပက်လက်အိပ်ခြင်းကြောင့် ဟောက်သံပိုကျယ်ခြင်း
စတဲ့အကြောင်းအချက်တွေကြောင့် အိပ်တဲ့အခါမှာ ဟောက်သံတွေ ထွက်လာတတ်ပါတယ်။
ဟောက်သံကို လျော့နည်းသွားအောင်လို့ တချို့အချက်တွေကို လိုက်လုပ်ကြည့်နိုင်ပါတယ်။
၁။ ပုံစံပြောင်းပြီး အိပ်ကြည့်ပါ။
ပက်လက်အိပ်တဲ့သူတွေက ပိုပြီးဟောက်ပါတယ်။ အဲဒါကြောင့် ဘေးစောင်းအိပ်ကြည့်ပါ။ ခေါင်းအုံးကို အနည်းငယ်မြင့်ပြီး အိပ်ရင် အသက်ရှူလမ်းကြောင်း ပွင့်သွားပြီး လည်ချောင်းအတွင်းတုန်ခါမှုလည်း နည်းသွားပါတယ်။
၂။ ရေသောက်ပါ။
အာခြောက်ရင်လည်း အသက်ရှူလမ်းကြောင်းက ကျုံ့နိုင်ဆန့်နိုင်စွမ်း နည်းသွားတာကြောင့် ဟောက်တတ်ပါတယ်။ အဲဒါကြောင့် ရေများများသောက်ဖို့တိုက်တွန်းသင့်ပါတယ်။
၃။ နူးညံ့တဲ့ ဂီတသံများဖွင့်ထားပါ။
ချိုသာငြိမ့်ညောင်းတဲ့ သံစဉ်တွေ၊ စန္ဒယားသံ၊ တယောသံတွေက ဟောက်သံကို ဖုံးကွယ်ပေးနိုင်ပါတယ်။ ဟောက်တာကို ပျောက်သွားအောင်တော့ မလုပ်ပေးနိုင်ပါဘူး။
၄။ အိပ်ချိန်ကို ပုံမှန်ထားပါ။
သင်နဲ့အတူတူအိပ်သူက ဟောက်တတ်တယ်ဆိုရင် သူ မအိပ်ခင်မှာ အရင်အိပ်ပါ။ အဲဒီအခါ သင့်အတွက် အနားရပြီး အိပ်ရေးလည်း ဝသွားမှာပါ။
၅။ နားကြပ်
ဟောက်သံကို နားမခံနိုင်တဲ့အခါမှာ နားကြပ်၊ နားစို့လေးကို တပ်ထားပြီးမှ အိပ်ပါ။
၆။ ကိုယ်အလေးချိန်ကို လျှော့ဖို့ တိုက်တွန်းပါ။
ကိုယ်အလေးချိန်များသူတွေက ပိုဟောက်ပါတယ်။ ကိုယ်အလေးချိန်များသူတွေရဲ့လည်ပင်းမှာ တစ်ရှူးတွေက ပိုများတတ်ပါတယ်။ အဲဒီတစ်ရှူးတွေက အသက်ရှူလမ်းကြောင်းကို ဖိအားတွေပိုဖြစ်စေတာကြောင့် ဟောက်ပါတယ်။
၇။ တင်းနစ်ဘောလုံး
ဟောက်တဲ့သူတွေ ပက်လက်အိပ်နေတဲ့အခါ တင်းနစ်ဘောလုံးကို သူတို့ရဲ့ကျောဘက်မှာ ထားလိုက်ပါ။ အဲဒီအခါ ပက်လက်အိပ်ရတာ အဆင်မပြေဘဲ ဘေးစောင်းအိပ်သွားပါလိမ့်မယ်။ ဘေးစောင်းအိပ်တဲ့အခါ ဟောက်သံလည်း လျော့သွားတတ်ပါတယ်။
၈။ အခန်းခွဲအိပ်ပါ။
အမြဲတမ်းဟောက်တတ်သူနဲ့ အတူတူအိပ်ရတာ အဆင်မပြေတော့ဘူးဆိုရင် အခန်းခွဲအိပ်ပါ။ ဒီနည်းကလည်း အဆင်ပြေစေမှာပါ။
၉။ အထူးကိရိယာ
ဟောက်တဲ့အကျင့်ကို ပျောက်သွားစေဖို့အတွက် အထူးတီထွင်ထားတဲ့ ကိရိယာလည်း ရှိပါတယ်။ ဒီကိရိယာလေးကို ပါးစပ်ထဲမှာ ထည့်ထားရင် အသက်ရှူလမ်းကြောင်းကလည်း ကျယ်လာပြီး ဟောက်သံလည်း ရပ်သွားပါတယ်။
Zombie (lovemedia)
0 Comments