သင်က တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူဆိုရင် ဒီအချက် (၅) ချက်ကို သတိပြုသင့်ပါတယ်

တစ်နေ့တာမှာ လှုပ်လှုပ်ရှားရှားနေတဲ့အချိန်ထက် အထိုင်များတဲ့အချိန်က ပိုများနေတယ်ဆိုရင် ကျန်းမာရေးက မလွဲမသွေ ထိခိုက်လာမှာပါ။ သင်က အထိုင်များတတ်သူဆိုရင်၊ ထိုင်ပြီးအလုပ်လုပ်ရတတ်သူ ဆိုရင်တော့ ဒီအချက်တွေကို မေ့မထားသင့်ပါဘူး။

၁။ ကိုယ်အလေးချိန်တက်လာခြင်း

အချိန်ကြာကြာ မလှုပ်မရှားဘဲ ထိုင်နေတာက အစားစားချင်စိတ်ကို တိုးစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းလဲသွားစေပါတယ်။ အဲဒီကနေ ကိုယ်အလေးချိန်တွေလည်း တရိပ်ရိပ်တိုးလာမှာပါ။ အဲဒါကြောင့် မိနစ် ၃၀ ထိုင်ပြီးတိုင်းမှာ ခဏတာခန့် လှုပ်လှုပ်ရှားရှားနေပါ။

၂။ နှလုံးကျန်းမာရေး ထိခိုက်လာခြင်း

အထိုင်များတာနဲ့ နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ပညာရှင်တွေက အစားအသောက်ပုံစံတူတဲ့လူတွေကို အုပ်စုနှစ်စုခွဲပြီးလေ့လာခဲ့ပါတယ်။ ပထမအုပ်စုက ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေဖြစ်ပြီး ဒုတိယအုပ်စုကတော့ လှုပ်လှုပ်ရှားရှားသွားလာနေတဲ့အုပ်စုပါ။

ရလာကတော့ တစ်နေကုန်အထိုင်များတဲ့အုပ်စုက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ရရှိလာတာကို တွေ့ရပါတယ်။ အဲဒါကြောင့် တီဗွီကြည့်တဲ့အခါ၊ ဖုန်းပြောတဲ့အခါမှာ မထိုင်ဘဲ လမ်းလျှောက်ပြီးဖုန်းပြောတာ၊ မတ်တပ်ရပ်ပြီး တီဗွီကြည့်တာကို ပြုလုပ်သင့်ပါတယ်။

၃။ ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်မှုရှိစေခြင်း

တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့အခါမှာ ကိုယ်နေဟန်ထားတွေကလည်း မလှမပဖြစ်လာမှာပါ။ လည်ပင်းကြွက်သားတွေမှာ ဖိအားတွေဖြစ်လာစေပါတယ်။ ခါးနာတာ၊ ပုခုံးနာတာကိုလည်း ခံစားရစေပါတယ်။ အဲဒါကြောင့် အထိုင်များတယ်လို့ သတိထားမိတဲ့အခါတိုင်း ခဏလောက် လမ်းလျှောက်ပေးသင့်ပါတယ်။

၄။ ဆီးချိုရောဂါဖြစ်နိုင်ချေ တိုးလာခြင်း

အထိုင်များတဲ့သူ၊ လဲလျောင်းနေတတ်သူတွေဟာ ဆီးချိုရောဂါနဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ်။ အထိုင်များသူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ချေ ၁၁၂ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သင်က အိမ်မှာ အလုပ်လုပ်သူဆိုရင် မတ်တပ်ရပ်ပြီး အလုပ်လုပ်လို့ရတဲ့စားပွဲကို ရွေးချယ်သင့်ပါတယ်။

၅။ လေ့ကျင့်ခန်းက မထိရောက်ပါဘူး။

လေ့ကျင့်ခန်းကို တစ်နာရီလောက်လုပ်ပြီး တစ်နေကုန် အထိုင်များနေမယ်ဆိုရင်လည်း လေ့ကျင့်ခန်း လုပ်ထားတာတွေက အလကားဖြစ်သွားမှာပါ။ လေ့ကျင့်ခန်းလုပ်သလို နေထိုင်မှုပုံစံကို ပြောင်းလဲမှသာ လိုချင်တဲ့ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်ကို ရရှိလာမှာပါ။

အဲဒါကြောင့် လမ်းလျှောက်ပြီးတော့ သွားလို့ရမယ့်နေရာတွေကို လမ်းလျှောက်သွားသင့်သလို ဓာတ်လှေကား၊ စက်လှေကားအစား ရိုးရိုးလှေကားကိုသာ အသုံးပြုသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments