ပြန်စိုက်ဖို့ လွယ်ကူတဲ့ ဟင်းသီးဟင်းရွက် (၉) မျိုး

လူအများစုက ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ပြီးတဲ့အခါမှာတော့ အစအနတွေကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် အချို့သော ဟင်းသီးဟင်းရွက်အစအနတွေက သူ့အလိုလို အပင်ပြန်ပေါက်လာတတ်ပါတယ်။

ဟင်းသီးဟင်းရွက်လေးတွေကို အိမ်မှာ စိုက်ထားရင် ငွေကုန်သက်သာပြီး လတ်လတ်ဆတ်ဆတ်လည်း စားလို့ရမှာပါ။ အဲဒါကြောင့် ဘယ်လိုအပင်တွေက ပြန်စိုက်ဖို့ လွယ်ကူလဲ၊ ဘယ်လိုပြုလုပ်ရမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်သွန်မိတ်

ကြက်သွန်မိတ်ဝယ်တဲ့အခါ တစ်ခါတရံမှာ ကြက်သွန်ဥလေးပါ ပါလာတတ်ပါတယ်။ ကြက်သွန်ဥလေးကို ဖြတ်ပြီး အလင်းရောင်ရတဲ့ ရေခွက်လေးတစ်ခွက်ထဲမှာ ထည့်ထားပါ။ ရေကို ၂ ရက် ၃ ရက်တစ်ခါ လဲပေးရင်ရပါပြီ။ အဲဒါဆိုရင်တော့ ကြက်သွန်ဥစိမ်းလေးကို လတ်လတ်ဆတ်ဆတ်စားလို့ ရမှာပါ။

၂။ နာနတ်သီး

နာနတ်သီးကို ပြန်စိုက်ဖို့အတွက် နာနတ်သီးအမှည့်တစ်လုံး လိုအပ်ပါတယ်။ နာနတ်သီးကို ပြန်စိုက်ဖို့အတွက် ၆ လက်မကနေ ၈ လက်မလောက်အထိ နက်တဲ့ရေခွက်တစ်ခွက် လိုအပ်ပါတဘ်။ နာနတ်သီးထိပ်ဖျားကို ဖြတ်ပြီး ရေခွက်ထဲ ထည့်လိုက်ပါ။

ရေခွက်ကို နေရောင်ကောင်းကောင်းရတဲ့နေရာမှာ ထားပါ။ ရေကို ၂ ရက်တစ်ကြိမ်ခန့် လဲပေးပါ။ ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ နာနတ်သီးက အမြစ်လေးတွေ ထွက်လာပါပြီ။ အဲဒီအခါ မြေကြီးထဲကို ပြောင်းစိုက်လိုက်ပါ။

၃။ တရုတ်နံနံ

တရုတ်နံနံရဲ့အောက်ခြေဖက် ၂ လက်မခန့် ဖြတ်လိုက်ပါ။ ရေတစ်လက်မလောက်ထည့်ထားတဲ့ ခွက်ထဲကို ခုနက ဖြတ်ထားတဲ့ တရုတ်နံနံအောက်ခြေပိုင်းကို ထည့်လိုက်ပါ။ အပင်ကို နေရောင်ခြည်တိုက်ရိုက်မရတဲ့နေရာ၊ အလင်းရောင်ရတဲ့နေရာမှာထားပါ။ ရေကိုလည်း ၂ ရက်တစ်ကြိမ်ခန့် လဲလှယ်ပေးပါ။

၄။ မုန်လာဥနီ

မုန်လာဥနီကို ပြန်စိုက်ဖို့ မုန်လာဥနီရဲ့ထိပ်ပိုင်းကို ဖြတ်လိုက်ပါ။ အဲဒီနောက် ရေတစ်လက်မလောက်နက်တဲ့ ခွက်ထဲကို ထည့်ထားလိုက်ပြီး နေရောင်ခြည်ရတဲ့နေရာမှာ ထားပါ။ အစို့အညှောက်လေးတွေ ထွက်လာပြီဆိုရင်တော့ မြေကြီးထဲကို ရွှေ့စိုက်လိုက်လို့ရပါပြီ။

၅။ ပင်စိမ်း

ပင်စိမ်းက ဟင်းချက်ရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ ၄ လက်မလောက်ရှည်တဲ့ပင်စိမ်းရိုးတံကို ရေခွက်လေးတစ်ခုထဲမှာ ထည့်ထားပါ။ အဲဒီနောက် နေရောင်အရမ်းမပြင်းတဲ့နေရာမှာ ထားပါ။ ရေကို နေ့စဉ်လဲပေးဖို့ လိုအပ်ပါတယ်။ အမြစ်လေးတွေ စထွက်လာပြီဆိုရင် မြေကြီးထဲကို ရွှေ့စိုက်လိုက်လို့ရပါပြီ။

၆။ နံနံပင်

နံနံပင်ကလည်း စားစရာတွေမှာ အသုံးများတဲ့ အပင်တစ်မျိုးပါ။ ၄ လက်မခန့်ရှည်တဲ့ နံနံပင်ကို ဖြတ်ပြီး ရေခွက်လေးထဲမှာ ထည့်ပါ။ နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာမှာ ရေခွက်လေးကိုထားပါ။ ရေကို နေ့စဉ်လဲပေးဖို့တော့ လိုအပ်ပါတယ်။ အပင်ကနေ အမြစ်လေးတွေ ထွက်လာပြီဆိုရင် မြေကြီးထဲမှာ ပြောင်းလဲစိုက်လိုက်လို့ရပါပြီ။

၇။ ကြက်သွန်ဖြူအစို့အညှောက်

ကြက်သွန်ဖြူအစို့အညှောက်ကိုလည်း ပြန်စိုက်လို့ရပါတယ်။ ကြက်သွန်ဖြူအစို့အညှောက်လေးကို ရေခွက်ထဲမှာထည့်ပါ။ ရေမြုပ်သွားလို့တော့ မရပါဘူး။ ရေကို နေ့တိုင်းလဲလှယ်ပေးပြီး နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာမှာ ထားပါ။ ကြက်သွန်ဖြူဥလေးက အမြစ်လေးတွေ ထွက်လာပြီဆိုရင်တော့ မြေကြီးထဲကို ပြောင်းစိုက်လိုက်လို့ရပါပြီ။

၈။ အာလူး

အာလူးကို ပြန်စိုက်ဖို့အတွက် အစို့လေးတွေ ထွက်နေတဲ့အာလူးကို ထက်ခြမ်းခြမ်းလိုက်ပါ။ အာလူးကို ခြောက်သွေ့သွားတဲ့အထိ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ကနေ ၂၅ ဒီဂရီစင်တီဂရိတ်အတွင်း တစ်ညခန့် ထားပါ။ အဲဒီနောက် အစို့လေးတွေပါတဲ့ဘက်ခြမ်းကို မြေကြီးထဲ မြှုပ်ပြီး ထည့်စိုက်ပါ။ လအနည်းငယ်ကြာတဲ့အခါမှာတော့ အာလူးပင်လေး ဖြစ်လာပါတယ်။

၉။ ဆလပ်ရွက်

ဆလပ်ရွက်က ပြန်ပေါက်ဖို့လွယ်ကူတဲ့ အပင်ပါ။ ဆလပ်ရွက်ရဲ့အမြစ်ကို ဖြတ်ပြီး ဖန်ခွက်ထဲကို ထည့်ပါ။ အဲဒီနောက် ရေအနည်းငယ်ထည့်ပါ။ ဆလပ်ရွက်အတွက် နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာမှာ ဖန်ခွက်လေးကို ထားပေးပါ။ ရေကို နေ့စဉ်လဲပေးပြီး ရက်အနည်းငယ်ကြာမှာတော့ ဆလပ်ရွက်ကို မြေကြီးထဲမှာ ရွှေ့စိုက်လိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments