ခရီးသွားတဲ့အခါ ငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လုံခြုံစိတ်ချရအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း (၈) ခု

ခရီးသွားခြင်းက ပင်ပန်းတာတွေကို ပြေပျောက်စေပြီး အတွေ့အကြုံသစ်တွေကို ရရှိစေပါတယ်။ ဒါပေမယ်ံ ခရီးသွားတဲ့အခါမှာ ပိုက်ဆံပျောက်သွားတာ၊ ခိုးခံရတာ၊ အရေးကြီးတဲ့အချက်အလက်တွေ ပျောက်သွားတာတို့ ကြုံရတတ်ပါတယ်။

အဲဒါကြောင့် ခရီးသွားတဲ့အခါ ငွေနဲ့ တန်ဖိုးရှိတဲ့အရာတွေ၊ အရေးကြီးအချက်အလက်တွေကို လုံခြုံအောင် ဘယ်လိုပြုလုပ်သင့်လဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဘဏ်ကတ်တွေ အများကြီး ယူသွားပါ။

ခရီးသွားတဲ့အခါ ငွေထုတ်မရတာက အရမ်းအခက်အခဲ ဖြစ်စေပါတယ်။ အဲဒါကြောင့် မတူတဲ့ဘဏ်တွေရဲ့ ကတ်တွေကို ယူသွားသင့်ပါတယ်။ သင့်ရဲ့ဘဏ်ကတ် အပိတ်ခံရရင် အခြားဘဏ်ကတ်ကို ပြောင်းလဲပြီး သုံးလို့ရပါတယ်။ ငွေပေးချေတဲ့နေရာမှာလည်း အဆင်ပြေစေပါတယ်။

၂။ ငွေတွေအားလုံးကို တစ်နေရာတည်းမှာပဲ စုပြီး မသိမ်းထားသင့်ပါဘူး။

ငွေတွေအားလုံးကို ကတ်တစ်ခုထဲမှာပဲ စုပြီးသိမ်းထားတာ၊ အိတ်တစ်ခုထဲမှာပဲ စုထည့်ထားတာမျိုးကို မလုပ်သင့်ပါဘူး။ ငွေတွေကို ကတ်တွေအားလုံးထဲ မျှထည့်ထားပြီး အခြားအိတ်တွေထဲမှာလည်း နည်းနည်းစီ ခွဲထည့်ထားသင့်ပါတယ်။ ငွေကျပျောက်သွားတဲ့အခါ၊ အိတ်ပျောက်သွားတဲ့အခါ၊ အခိုးခံရတဲ့အခါတွေမှာတောင် ဒီနည်းက အဆင်ပြေစေမှာပါ။

၃။ ပိုပြီး လုံခြုံစိတ်ချရစေဖို့

- ငွေထုတ်တဲ့အခါမှာ ကတ်တွေအားလုံးကို အကန့်အသတ်နဲ့သာ ထုတ်လို့ရအောင် ပြုလုပ်ထားပါ။ သင့်ကတ်အခိုးခံရရင်တောင် သူခိုးက အကုန်ထုတ်သွားလို့မရပါဘူး။

- ငွေထုတ်တဲ့အခါ သင့်ဖုန်းထဲကို စာရောက်အောင် ပြုလုပ်ထားပါ။ အခြားသူက ခိုးထုတ်နေချိန် သင့်ဆီ စာရောက်လာတဲ့အခါ ကတ်ကို ပိတ်လိုက်လို့ရပါတယ်။

- Online banking တွေအသုံးပြုတဲ့အခါ အများသုံးတဲ့ ဝိုင်ဖိုင်ကို အသုံးမပြုပါနဲ့။

- ဝိုင်ဖိုင်ကို အသုံးပြုတော့မယ်ဆိုရင် VPN ခံပြီးမှသာ အသုံးပြုပါ။

၄။ ငွေသားတွေကို လုံခြုံစိတ်ချရအောင် ထားပါ။

ငွေထုတ်တဲ့အခါ အများကြီးမထုတ်ဘဲ တစ်ရက်စာသုံးမယ့်ပမာဏကိုပဲ ထုတ်ပါ။ ဘဏ်အဆောက်အဦးထဲမှာရှိတဲ့ ATM စက်တွေနဲ့ CCTV တွေတပ်ထားတဲ့နေရာတွေမှာရှိတဲ့ ATM စက်တွေမှာသာ ငွေထုတ်ပါ။ ငွေတွေကို ဟိုတယ်မှာ ထားခဲ့မယ်ဆိုရင် စာအိတ်တစ်အိတ်ထဲထည့်ပြီး ပမာဏကို စာအိတ်နောက်ကျောမှာ ရေးထားပါ။ အဲဒီနောက် ချိတ်နဲ့ ပိတ်လိုက်ပါ။

၅။ တန်ဖိုးကြီးပစ္စည်းများ

ခရီးသွားတဲ့အခါ တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို တတ်နိုင်သမျှ ယူမသွားသင့်ပါဘူး။ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ထည့်မလာဘူးလို့ ထင်ရအောင် အိတ်ကို သေသေချာချာ ပြင်ဆင်ပါ။ အလည်အပတ်သွားတဲ့အခါ သွားမယ့်နေရာမှာ အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို အရင်လေ့လာပြီးမှ သွားသင့်ပါတယ်။

၆။ ဖုန်းနဲ့ လက်ပ်တော့ထဲက အချက်အလက်တွေကို ကာကွယ်ထားပါ။

ဖုန်းနဲ့လက်ပ်တော့ထဲမှာ ဗိုင်းရပ်စ်ဖယ်ရှားပေးတဲ့ ဆော့ဝဲလ်တွေကို ထည့်ထားပါ။ ဒါ့အပြင် အချက်အလက်တွေအားလုံးကို backup လုပ်ထားပါ။ Backup လုပ်ထားတာတွေကိုလည်း external hard drive ထဲမှာ ပြောင်းလဲထည့်ထားပါ။ Passwords တွေကို ဖုန်းနဲ့ လက်ပ်တော့ထဲမှာ ထည့်ထားပြီး လက်ဗွေရာစနစ်ကိုပါ ထည့်ထားသင့်ပါတယ်။ ဒါပေမယ့် face ID ကိုတော့ အသုံးမပြုသင့်ပါဘူး။

၇။ အချက်အလက်တွေအားလုံးကို scan ဖတ်ထားပါ။

ခရီးမထွက်ခင်မှာ မှတ်ပုံတင်၊ ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင်၊ ကျန်းမာရေးအာမခံ စတဲ့ အရေးကြီးအချက်အလက်တွေကို scan ဖတ်ထားပါ။ အဲဒါတွေကို external hard drive သို့မဟုတ် email တစ်ခုထဲမှာ သိမ်းထားသင့်ပါတယ်။

၈။ မဖြစ်မနေလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို မှတ်ထားပါ။

သင်က အခြားနိုင်ငံကို ခရီးထွက်တာပဲဖြစ်ဖြစ်၊ နိုင်ငံတွင်းကို ခရီးထွက်တာပဲဖြစ်ဖြစ် အရေးကြီးတဲ့ဖုန်းနံပါတ်တွေကို စုစည်းထားသင့်ပါတယ်။ ဆေးရုံ၊ ရဲစခန်း၊ အရေးပေါ်ကား စတဲ့ဖုန်းနံပါတ်တွေ၊ သံရုံးလိပ်စာနဲ့ ဖုန်းနံပါတ်တွေ၊ ကျန်းမာရေးအာမခံကုမ္ပဏီရဲ့ဖုန်းနံပါတ်ကို မှတ်ထားပါ။

Zombie (lovemedia)

Post a Comment

0 Comments