အိမ်တွင်းစိုက်အပင်လေးတွေကို ဂရုစိုက်ဖို့ လိုအပ်နေကြောင်း သိနိုင်မယ့် လက္ခဏာ (၈) ခု

အိမ်တွင်းစိုက်အပင်လေးတွေက အလှဆင်လို့လည်း ကြည့်ကောင်းသလို ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ ဒါပေမယ့် အိမ်တွင်းစိုက်အပင်လေးတွေကလည်း တစ်ခါတရံမှာ နားလည်ဖို့ခက်ပါတယ်။

ဒီနေ့မှာ အရမ်းလှပနေပေမယ့်လည်း နောက်နေ့မှာတော့ ညှိုးနွမ်းပြီး မရှင်တော့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အိမ်တွင်းစိုက်အပင်လေးတွေကို ဂရုစိုက်ဖို့လိုအပ်ကြောင်း သိနိုင်မယ့်လက္ခဏာလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အရွက်များ ညှိုးနွမ်းသွားခြင်း

အရွက်တွေ ညှိုးနွမ်းသွားတာက တွေ့ရများတဲ့ပြသနာတစ်ခုပါ။ အပင်မှာ အရွက်တွေ ညှိုးသွားတိုင်း မရှင်တော့တာ မဟုတ်ပါဘူး။ မြေကြီးက ခြောက်သွားရင် ရေဓာတ်လိုအပ်ပြီး အရွက်က ညှိုးနွမ်းသွားတတ်ပါတယ်။

မြေကြီးမှာလည်း အစိုဓာတ်ရှိပြီး အပင်ကိုလည်း နေ့တိုင်းရေလောင်းရင်တောင် အရွက်တွေ နွမ်းသွားတယ်ဆိုရင် အမြစ်ပုပ်သွားလို့ပါ။ ရေလောင်းတာများတာ၊ အောက်ဆီဂျင်လုံလုံလောက်လောက် မရတာတို့ဖြစ်တဲ့အခါ အရွက်တွေက ညှိုးသွားပါတော့တယ်။

၂။ အရွက်တွေ ဝါသွားခြင်း

အရွက်တွေ ဝါသွားရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ နေရောင်ခြည်ကောင်းစွာမရတာနဲ့ အမြစ်ပုပ်တဲ့အခါမှာ အရွက်တွေ ဝါသွားတတ်ပါတယ်။ အပင်မှာ အာဟာရလုံလုံလောက်လောက် မရရှိတဲ့အခါမှာလည်း ဖြစ်လေ့ရှိပါတယ်။

၃။ အရွက်တွေ ကြွေကျခြင်း

အရွက်တွေက ရုတ်တရက်ကြီး အများကြီးကြွေကျတာက ရေလုံလုံလောက်လောက်မရတာ၊ ရေလောင်းများတာ၊ အပူချိန်ပြောင်းလဲတာ၊ အလင်းရောင်ကောင်းစွာမရတာ၊ လေအေးတိုက်တာတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ အပင်ကို စိတ်ရှည်ရှည်နဲ့ ပြုစုသင့်ပါတယ်။

၄။ အရွက်အဖျားပိုင်းတွေ ခြောက်လာခြင်း

အရွက်အဖျားပိုင်းတွေ ခြောက်လာရင် အပင်မရှင်နိုင်တော့ဘူးလို့ သင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် စောစောစီးစီးသိရင်တော့ အပင်ကို ဆုံးရှုံးမယ့်ဘေးကနေ ကာကွယ်နိုင်ပါတယ်။

လေပူတွေပဲရတာ သို့မဟုတ် လေအေးတွေပဲရတာ၊ မြေကြီးမှာ အငံဓာတ်ရှိနေတာ၊ အပင်အတွက် အာဟာရချို့တဲ့တာ၊ အမြစ်ပုပ်တာ စတဲ့အကြောင်းအချက်တွေကြောင့် အရွက်အဖျားပိုင်းတွေ ခြောက်သွေ့လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အပင်ရဲ့အိုးက အရမ်းပူနေလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။

၅။ အရွက်အကြောဆန့်ခြင်း

အရွက်တွေက နေရှိတဲ့ဘက်ကိုပဲ မျက်နှာမူပြီး မလှမပဖြစ်နေတာကို သတိထားမိမှာပါ။ အရွက်ဟောင်းတချို့က ကြွေကျနေတတ်ပါတယ်။ ဒီလို လက္ခဏာကတော့ အပင်မှာ အလင်းရောင်ပိုလိုအပ်ကြောင်း ဖော်ပြနေတာပါ။ အပင်ထိပ်ဖျားပိုင်းလေးတွေကို ဖြတ်ပေးပြီး အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ ထားရင် အဆင်ပြေသွားပါတယ်။

၆။ အရွက်မှာ အစက်အပြောက်တွေ ပေါ်လာခြင်း

အရွက်မှာ အစက်အပြောက်တွေ ပေါ်လာတာက မှိုဝင်တာပါ။ အပင်မှာ အစက်အပြောက်တွေ တွေ့ရပြီဆိုရင် အခြားအပင်တွေနဲ့ အတူတူမထားဘဲ ခွဲထားသင့်ပါတယ်။ အပင်ကို ရေအေးတွေလောင်းတာ၊ အရွက်ပေါ်မှာပဲ ရေလောင်းတာတို့ကြောင့် အပင်မှိုဝင်တတ်ပါတယ်။

၇။ အရွက်တွေ သေးငယ်နေခြင်း

အပင်မှာ အရွက်သေးသေးလေးတွေ ဖြစ်နေတာကို သင်တိထားမိပါလိမ့်မယ်။ မြေကြီးက အရမ်းခြောက်နေတာ သို့မဟုတ် အရမ်းစိုနေတာကြောင့် အရွက်လေးတွေက သေးကွေးပြီး ဖျော့တော့နေတတ်ပါတယ်။ မြေဩဇာနဲ့ အလင်းရောင်ကောင်းကောင်းရအောင် ပြုလုပ်လိုက်ရင် ရပါပြီ။

၈။ အရွက်မှာ အနက်အရောင်အစက်အပြောက်တွေ ပေါ်နေခြင်း

အရွက်မှာ အနက်ရောင်အစက်အပြောက် သို့မဟုတ် ခရမ်းရောင်အစက်အပြောက်တွေ ပေါ်နေတတ်ပါတယ်။ မှိုနဲ့ ဘက်တီးရီးယားတွေ အပင်မှာ ဝင်နေတာကြောင့် ဒီလိုဖြစ်တတ်ပါတယ်။ အရွက်၊ ပင်စည်နဲ့ အပွင့်တို့မှာလည်း အနက်ရောင်အစက်အပြောက်တွေ ရှိနေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments