နောင်တစ်ချိန်မှာ ကလေးတွေကို အခက်တွေ့စေမယ့် မိဘတွေရဲ့အုပ်ထိန်းပုံအမှား (၁၀) ခု

သားသမီးတွေကို ပြုစုပျိုးထောင်ပုံနည်းလမ်းက နောက်နှစ်များစွာအထိ အများကြီး အရေးပါပါတယ်။ အချို့သော ထိန်းကျောင်းပုံတွေက လက်ရှိအချိန်မှာတော့ မသိသာနိုင်သေးပေမယ့် နှစ်တွေကြာလာတဲ့အခါမှာတော့ ကလေးအတွက် အခက်တွေ့စေပါတယ်။

အဲဒါကြောင့် ဘယ်လိုပြုစုပျိုးထောင်ပုံတွေက ကလေးတွေအတွက် အခက်အခဲဖြစ်စေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အမြဲတမ်း အလိုလိုက်ထားခြင်း

မိဘတွေက သားသမီးတွေကို ချစ်တာကြောင့် အလိုလိုက်တတ်ကြပါတယ်။ သားသမီးတွေအတွက် အဆင်ပြေအောင် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ရှိလာရင်တောင် မိဘတွေကပဲ ဆုံးဖြတ်ပေးတတ်ကြပါတယ်။

ဒါပေမယ့် ကလေးက ကြီးလာတဲ့အခါမှာတော့ အမြဲတမ်း အလိုလိုက်ခံရတာနဲ့ အသားကျပြီးက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို မချနိုင်ဘဲ ဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ငယ်စဉ်ကတည်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

၂။ ကတိမတည်ခြင်း

မိဘတွေက အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေကို ပေးထားတဲ့ကတိတွေကို မတည်တတ်တဲ့အချိန်တွေ ရှိတတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာတော့ မိဘတွေက အမြဲတမ်းကတိတည်မယ်လို့ ယူဆထားကြပါတယ်။

မိဘတွေက ကတိမတည်တတ်တဲ့အခါ ကလေးတွေကလည်း အခြားသူတွေပေါ်မှာ ကတိဆိုတာ မတည်လည်း ရတယ်၊ ဘာမှမဖြစ်ဘူးလို့ ထင်မှတ်သွားတတ်ကြပါတယ်။

၃။ ကလေးတွေ စူးစမ်းတာကို စိတ်မရှည်ခြင်း

ကလေးတွေက အသစ်အဆန်းတွေကို စိတ်ဝင်စားပြီး နှိုက်နှိုက်ချွတ်ချွတ်မေးတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာလည်း ကလေးတွေရဲ့စူးစမ်းလေ့လာမှုကို အသိအမှတ်ပြုသင့်ပါတယ်။ ကလေးတွေရဲ့ စူးစမ်းတတ်တဲ့စိတ်က ဉာဏ်ရည်ကိုတိုးတက်စေတဲ့အပြင် အတွေးအခေါ်ကောင်းတွေ ရရှိစေမယ့် လမ်းစပါပဲ။

၄။ ကလေးတွေကို မတောင်းပန်ခြင်း

မိဘတွေက ကလေးတွေကို တောင်းပန်စရာမလိုဘူးလို့ မိဘအများစုက လက်ခံထားကြပါတယ်။ အမှားလုပ်တဲ့အခါ တောင်းပန်တတ်တဲ့အကျင့်က သင့်ကလေးကို အရွယ်ရောက်လာတဲ့အခါ တာဝန်ယူတတ်တဲ့စိတ်၊ သူတစ်ပါးကို စာနာတတ်တဲ့စိတ် ရရှိစေပါတယ်။ အဲဒါကြောင့် တောင်းပန်ဝန်ခံတတ်ဖို့လည်း သင်ကြားပေးသင့်ပါတယ်။

၅။ ကလေးတွေရဲ့ခံစားချက်ကို ဖိနှိပ်ထားခြင်း

ကလေးတွေမှာလည်း စိတ်ခံစားချက်တွေ ရှိတတ်ကြပါတယ်။ ကလေးတွေရဲ့စိတ်ခံစားချက်က အရေးမပါဘူးဆိုပြီးတော့ ဖိနှိပ်မထားသင့်ပါဘူး။ ကလေးတွေရဲ့ခံစားချက်ကို ဖိနှိပ်ထားတဲ့အခါမှာတော့ မကြာခဏမေ့တတ်တာ၊ မှတ်ဉာဏ်အားနည်းတာ၊ စိတ်အားငယ်တာကို ခံစားရစေတတ်ပါတယ်။

၆။ ကလေးတွေရဲ့အတွေးကို လက်မခံခြင်း

အချို့မိဘတွေက ကလေးတွေကို ဆုံးမတဲ့အခါတိုင်း "ပြောသလိုလုပ်၊ အတွန့်မတက်နဲ့" ဆိုပြီး ပြောတတ်ကြပါတယ်။ ကလေးတွေမှာ ရှင်းပြချင်တဲ့အရာတွေ၊ အရင်နဲ့မတူတဲ့ အတွေးတွေ ရှိနေတတ်ပါတယ်။ ကလေးတွေရဲ့အတွေးကို အမြဲတားမြစ်တဲ့အခါမှာ ကိုယ်ပိုင်အတွေးအခေါ်တွေးရမှာကို မဝံ့မရဲဖြစ်လာတတ်ပါတယ်။

၇။ ကလေးလိုချင်သမျှကို ဖြည့်ဆည်းပေးခြင်း

ကလေးလိုချင်သမျှကို အကုန်ဖြည့်ဆည်းပေးတဲ့အခါ အရာရာကို လွယ်လွယ်ကူကူနဲ့ ရတယ်လို့ ထင်သွားတတ်ကြပါတယ်။ လိုချင်တဲ့အရာရဖို့ ခက်ခက်ခဲခဲကြိုးစားစရာမလိုဘူးလို့ တွေးထင်သွားပြီး တန်ဖိုးထားတတ်မှုလည်း လျော့နည်းသွားမှာပါ။

အဲဒါကြောင့် ဘယ်အရာကိုမှ လွယ်လွယ်ကူကူနဲ့ မရကြောင်း၊ ကိုယ့်အားကိုယ်ကိုးသင့်ကြောင်းကို ငယ်စဉ်ကတည်းက လမ်းညွှန်ပေးသင့်ပါတယ်။

၈။ မသင့်တော်တဲ့အပြုအမူတွေကို မတားမြစ်ခြင်း

ကလေးတွေဟာ ငယ်ရွယ်သေးတာကြောင့် ကောင်းတဲ့အပြုအမူလား၊ ဆိုးတဲ့အပြုအမူလားဆိုတာကို မခွဲခြားတတ်သေးပါဘူး။ အဲဒါကြောင့် ကောင်းတဲ့အပြုအမူတွေကို ပျိုးထောင်ပြီး မကောင်းတဲ့အပြုအမူတွေကို တားမြစ်ရဖို့က မိဘတွေအတွက် မဖြစ်မနေလုပ်သင့်တဲ့အရာပါပဲ။

ဒါပေမယ့် သင့်ကလေးက မကောင်းတဲ့အပြုအမူတွေ လုပ်နေတိုင်း မတားမြစ်တာ၊ အားပေးတာက ကလေးကို နောင်တစ်ချိန်မှာ ဒုက္ခရောက်အောင် ပို့တာနဲ့ အတူတူပါပဲ။

၉။ အမြဲတမ်း ငြင်းခြင်း

အချို့မိဘတွေက စည်းကမ်းတင်းကြပ်ကြပြီးတော့ ကလေးတွေရဲ့ဆန္ဒကို အမြဲငြင်းဆန်တတ်ကြပါတယ်။ မိဘတွေရဲ့ဆန္ဒအတိုင်းကိုပဲ လိုက်လုပ်ခိုင်းတတ်ကြပါတယ်။ စည်းကမ်းကို လိုက်နာတာက အကျင့်ကောင်းဆိုပေမယ့် ကလေးရဲ့ဆန္ဒတိုင်းကို ငြင်းဆန်နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာစေမှာပါ။

၁၀။ ကလေးရဲ့ရှေ့မှာ စံပြဖြစ်အောင် မနေခြင်း

ကလေးတွေက လူကြီးတွေရဲ့အမူအရာကို အလွယ်တကူ အတုခိုးတတ်ကြပါတယ်။ မိဘတွေက ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတာကို ကလေးတွေက အမြဲလိုလို မြင်တွေ့နေရရင် ဒီအကျင့်တွေက ကလေးတွေအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။

ဒါပေမယ့် နောင်တစ်ချိန်မှာတော့ သင့်ကလေးမှာ မိဘတွေရဲ့အကျင့်ဆိုးတွေ ကူးစက်သွားပြီး ပြုပြင်မရအောင် ဖြစ်သွားတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments