သင့်ကလေးကို ဆိုးသွမ်းသူဖြစ်အောင် မိဘတွေကိုယ်တိုင်လုပ်နေမိတဲ့အချက် (၇) ချက်

မိဘတိုင်းက လိမ္မာယဉ်ကျေးသိတတ်တဲ့ ကလေးမျိုးကို လိုချင်ပေမယ့် အချို့သော မိဘအုပ်ထိန်းမှုပုံစံတွေက လွဲမှားနေတတ်ပါတယ်။ အဲဒီကနေ ပြောစကားနားမထောင်ဘဲ ခပ်ဆိုးဆိုးကလေးတွေပဲ ဖြစ်သွားတတ်ပါတယ်။

အဲဒါကြောင့် ဘယ်လိုအုပ်ထိန်းမှုပုံစံတွေက သင့်ကလေးကို ဆိုးသွမ်းတဲ့ကလေးဖြစ်သွားစေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အလိုလိုက်ခြင်း

မိဘတိုင်းက သားသမီးတွေဖြစ်ချင်တာကို အကုန်ဖြည့်ဆည်းပေးချင်ပေမယ့် အလိုလိုက်ပါများရင် ကလေးက ဆိုးသွားတတ်ပါတယ်။ လိုချင်တာမရတဲ့အခါ မရမချင်း ဂျီကျတာ၊ အော်ငိုတာ၊ ပစ္စည်းတွေကို ကောက်ပေါက်တာမျိုး ပြုလုပ်တတ်ပါတယ်။ အလိုလိုက်သင့်တဲ့နေရာမှာပဲ အလိုလိုက်တာက မိဘတွေအတွက် အများကြီး အဆင်ပြေစေမှာပါ။

၂။ ကလေးကို နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာကွယ်ပေးခြင်း

ကလေးတွေကို အလွန်အကျွံကာကွယ်ပေးတဲ့အခါ ကလေးတွေက ကိုယ့်အားကိုယ်မကိုးတတ်တော့ဘဲ အမှီအခိုရှိမှသာ နေထိုင်တတ်ပါတော့တယ်။ ပြဿနာကိုလည်း ဘယ်လိုဖြေရှင်းရမလဲဆိုတာကို နားမလည်တော့ပါဘူး။

ကလေးတွေကို အသိပညာနဲ့ ပြည့်စုံအောင် စာအုပ်ဖတ်တဲ့အကျင့်ပျိုးထောင်ပေးတာ၊ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် လမ်းညွှန်ပေးတာမျိုးကို ပြုလုပ်သင့်ပါတယ်။

၃။ အချိန်မပေးဘဲ ပစ္စည်းတွေပဲ ပေးခြင်း

အချို့သောမိဘတွေက အလုပ်များတာကြောင့် ကလေးတွေကို အရုပ်တွေ၊ ပစ္စည်းတွေပဲ ဝယ်ပေးကြပါတယ်။ အဲဒီအခါ ကလေးတွေက ရုပ်ဝတ္တုပစ္စည်းတွေအပေါ်ကိုပဲ သဘောကျသွားတတ်ပါတယ်။ မိဘနဲ့ အမြဲရင်းနှီးနွေးထွေးနေအောင် ကလေးတွေကို နေ့စဉ်အချိန်ပေးဖို့လည်း မမေ့သင့်ပါဘူး။

၄။ ငွေကြေးကို စီမံတတ်အောင် မသင်ကြားခြင်း

မိဘအများစုက ကလေးတွေကို မုန့်ဖိုးတွေပေးပေမယ့် ပိုက်ဆံကို ဘယ်လိုနည်းတွေနဲ့ အသုံးပြုရမယ်၊ ဘယ်လိုစုဆောင်းရမယ်ဆိုတာကိုတော့ သင်ပေးဖို့ မေ့လျော့နေတတ်ပါတယ်။ ကလေးတွေကို ပိုက်ဆံကို စီမံခန့်ခွဲတတ်အောင်လည်း သင်ကြားပေးသင့်ပါတယ်။ ဒီနည်းက နောင်တစ်ချိန်မှာ သင့်ကလေးကို အသုံးအဖြုန်းကြီးသူမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ အပြစ်မပေးခြင်း

သင့်ကလေးက အပြစ်လုပ်ထားတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးအတိုင်း အပြစ်ပေးဖို့ လိုအပ်ပါတယ်။ အပြစ်မပေးဘဲထားတဲ့အခါ အကြိမ်ပေါင်းများစွာ ဆက်လုပ်နေဦးမှာပါ။ အပြစ်လုပ်ထားတဲ့အကြောင်းကို ရှင်းပြပြီး နောက်ဆက်တွဲဆိုးကျိုးကိုလည်း တာဝန်ယူတတ်အောင် သင်ကြားပေးသင့်ပါတယ်။

၆။ အိမ်တွင်းစည်းကမ်း မထားရှိခြင်း

အိမ်တွင်းမှာ စည်းကမ်းတွေ ထားရှိတဲ့အခါမှာ သင့်ကလေးက စောဒကမတက်သင့်ပါဘူး။ စည်းကမ်းကို စနစ်တကျလိုက်နာတတ်တဲ့အကျင့်ကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက စည်းကမ်းနဲ့မနေတတ်တဲ့ကလေးက အသက်ကြီးလာတဲ့အခါ ပိုပြီး အခက်တွေ့မှာပါ။

၇။ သင့်ကလေးသာ အားလုံးထက် အသာလွန်ဆုံးလို ဆက်ဆံခြင်း

မိဘတိုင်းက သားသမီးကို သူမတူတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ကလေးကို စကြာဝဠာကြီးရဲ့ အလယ်ဗဟို၊ အားလုံးထက် သာလွန်သူလို ဆက်ဆံနေတာက ကလေးအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ လွန်ကဲပြီး မောက်မာသူဖြစ်သွားစေပါတယ်။

သင့်ကလေးကို လိုအပ်တာထက် ချီးကျူးတာ၊ အမြဲဦးစားပေးတာတွေက လက်တွေ့ဘဝကို အရှိကိုအရှိအတိုင်း မမြင်နိုင်တော့ဘဲ အမှားတွေ လုပ်မိအောင် သင်ပေးသလို ဖြစ်နေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments