တခွန်းထဲသော စကား

တခါက ဧကရာဇ်မင်းတပါးဟာ သူ့ထံမှာ ရှိရှိသမျှ ပညာရှိတို့ကို ခေါ်ယူပြီး မေးတယ်။ "ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်နိုင်တဲ့ ပျော်ရွှင်မှုတိုင်း၊ ဝမ်းနည်းမှုတိုင်း၊ ကျရှုံးမှုတိုင်း၊ အောင်မြင်မှုတိုင်း အတွက် အသင့်တော်ဆုံး တခွန်းထဲသော ဆုံးမစကား ရှိသလား"

ပညာရှိတို့ အားလုံး အကျပ်ရိုက် သွားစဉ်မှာ ပညာရှိတယောက်ရဲ့ အနားက ပညာတော်သင် လူငယ်တယောက်က စာတအိတ်ကို ဘုရင်ကြီးကို ထောင်ပြလို့ ပြောတယ်။

"ဒီအကြံပြုစာက ကျွန်တော့်အဖေ မသေခင် ပေးသွားခဲ့တဲ့ စာပါ။ ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းမှာ တွေ့ကြုံလာတဲ့ အခက်အခဲ တိုင်းမှာ ဒီစာဟာ လမ်းညွှန်မှု ပေးနိုင်ပါတယ်။

ဒါ့အပြင် အောင်မြင်မှုတိုင်း ကိုလည်း ဒီစာဟာ သုံးသပ်တတ် ပါတယ်။ ပြောရမယ် ဆိုရင် မင်းကြီး အတွက် အသင့်တော်ဆုံး အဖြေဟာ ဒီအထဲမှာ ခေါက်လျက်သားကလေး ရှိနေပါတယ် မင်းကြီး။ တခုပဲ ရှိပါတယ်။ မင်းကြီး အခက်ခဲဆုံးအချိန် ရောက်မှသာ ထုတ်ဖတ်ရပါ့မယ်။ အမော်ကြွားနိုင်ဆုံး အချိန်တွေမှာ သုံးသပ်ခိုင်း ရပါ့မယ်"

အဲဒါနဲ့ ဧကရာဇ်မင်းကြီးက ယူသိမ်းထား လိုက်ပြီးတော့ မေ့မေ့ပျောက်ပျောက် ထားလိုက်တယ်။ မကြာမီ ကာလ တခုမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကျူးကျော် တိုက်ခိုက်ခြင်းကို ခံရတယ်။ တိုင်းပြည်ကို စွန့်ပြေးလို့ နီးစပ်ရာ တောထဲကို ကျန်သလောက် စစ်အင်အားနဲ့ ခိုဝင် ပုန်းနေရတဲ့ အထိပဲ။

တညမှာတော့ စိတ်ပျက် လက်ပျက်နဲ့ စမ်းချောင်းလေးဘေးမှာ ထိုင်နေတဲ့ ဧကရာဇ်မင်းကြီးဟာ လူငယ်လေး ပေးတဲ့ စာကို အမှတ်မထင် သတိရ သွားခဲ့တယ်။ အဲဒါနဲ့ ထုတ်ဖတ်ကြည့်တဲ့ အခါမှာ ဘာရေးထားသလဲ ဆိုတော့

"သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါလည်း တချိန်မှာ ပြီးသွားမှာပါပဲ" တဲ့။ ဧကရာဇ်မင်းကြီးဟာ မရှင်းလို့ ထပ်ဖတ်ရင်း ထပ်ဖတ်ရင်းနဲ့ ရုတ်တရက် အသိတချက် လင်းကနဲ ဝင်လာခဲ့တယ်။

"ဟုတ်သားပဲ။ ငါ ငယ်စဉ်တုန်းက ဖခင်ရဲ့ မြားတံနဲ့ ယူဆော့ ကစားမိလို့ ကြိမ်းမောင်း ခံရမှာကို သေလောက်အောင် ကြောက်လန့် အားငယ် ခဲ့ဖူးတယ်။ တကယ်လည်း ဖခင် သိတဲ့အခါ ကြိမ်းမောင်းခံ ရတယ်။ ကြိမ်းမောင်း ခံရပြီး သွားတဲ့အခါ ငါ့မှာ ဘာအပူအပင်မှ မရှိတော့။ အခု ကိစ္စဟာလည်း ဒီလို အားငယ် ကြောက်လန့်နေချိန် လိုပဲ။ သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်။ တချိန်မှာ ပြီးသွား မှာပါပဲ"

အဲဒီလို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ ဧကရာဇ်မင်းကြီး ဆီမှာ ဘာအပူအပင်မှ မရှိတော့ဘူး။ မျက်နှာဟာ တည်ငြိမ်လာတယ်။ စမ်းချောင်းလေးဘေးမှာ ရုတ်တရက် ဝင်လာတဲ့ အားတွေနဲ့ သူမတ်တပ် ထရပ်လိုက်တယ်။ ပြီးတာနဲ့ ရှိသမျှ သေနာပတိ တွေကို ခေါ်တယ်။ အကောင်းဆုံး ဗျူဟာတွေကို ဝိုင်းဖွဲ့ ဆွေးနွေး ကြတယ်။ စိတ်ဓာတ်ကျနေသူ တွေကို ဧကရာဇ်မင်းကြီး ကိုယ်တိုင် အားပေးစကား ဆိုတယ်။

တဖွဲ့လုံး ဟာ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွ လာခဲ့တယ်။ နောက်ဆုံးမှာ သေချာ အကွက်ချ စီမံလို့ တိုင်းပြည်ကို ပြန်လည် ထိုးဖောက် ဝင်ရောက်ပြီး ရန်သူတွေကို အနိုင် တိုက်ထုတ်လိုက် နိုင်ခဲ့တယ်။ စစ်ပွဲ အနိုင်ရတဲ့ ညမှာ ဧကရာဇ် မင်းကြီးဟာ တိုင်းသူ ပြည်သားတွေနဲ့ ပျော်ပွဲရွှင်ပွဲကြီး ခမ်းနားစွာ ကျင်းပတယ်။

ပန်းတွေ အဆင်အယင်တွေနဲ့ လှပပြီးတော့ စားပွဲသောက်ပွဲတွေနဲ့ တတိုင်းပြည်လုံး ပျော်ရွှင် မြူးတူးနေချိန် ဧကရာဇ် မင်းကြီးဟာ ပညာတော်သင် လူငယ်ရဲ့ စကားသံကို ပြန်လည် ကြားယောင်မိလာတယ်။ "အောင်မြင်မှုတိုင်း ကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ် မင်းကြီး"

ဒါနဲ့ပဲ အခုလို အောင်မြင်ရဆုံး အချိန်မှာ ဖတ်သင့်တဲ့စာ လို့ ယူဆပြီး စာကို နောက်တခါ ထုတ်ဖတ် ပြန်တယ်။ "သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါလည်း တချိန်မှာ ပြီးသွားမှာပါပဲ" ဒုတိယအကြိမ် သူ့ခေါင်းထဲ အသိတချက် လင်းခနဲ လက်ခနဲ ထပ်ဝင်လာ ပြန်တယ်။

"အင်း ဟုတ်သားပဲ။ ရန်သူတွေ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုမီတုန်းက ဒီလိုမျိုး ခမ်းနားမှုဟာ ငါ့ဆီမှာ ရှိနေခဲ့တာပဲ။ ဒါပေမယ့် ဝင်ရောက် တိုက်ခိုက်ခြင်း ခံရတဲ့ အခါမှာ ဘာကျန်တော့ လို့လဲ။ ဒီစာကြောင့်သာ မဟုတ်ရင် အခုလောက်ထိ တောထဲမှာ စိတ်ပျက်လက်ပျက် ဆက် ထိုင်နေမိမှာ မဟုတ်လား။ အောင်နိုင်ခြင်းတွေ စည်းစိမ်တွေ အားလုံးဟာလည်း တကယ်ကို သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်ဘူး။ တချိန်မှာ ပြီးသွားမှာ ပါပဲ"

ဧကရာဇ်မင်းကြီးဟာ ရုတ်တရက် ပျော်ရွှင်နေရာက တိတ်ဆိတ်သွား ပြန်တယ်။ စောစောလေးက တရိပ်ရိပ် တက်နေတဲ့ ငါကွ ဆိုတဲ့ မာန်လေး ဟာလည်း ဘာမှ အစ ရှာမရအောင် ကျိုးကြေ ပျက်စီး သွားခဲ့တယ်။

ပုံပြင်မှ ပေးလိုသော အသိတရား။ ။ ဘဝဆိုတာ စကားလုံး၂ လုံးထဲနဲ့ ဖွဲ့ထားတဲ့အတိုင်း တိုတောင်းလွန်း လှပါတယ်။ ပျော်ရွှင်မှုတွေ ဟာလည်း တချိန်မှာ ပြီးသွားမှာပါပဲ၊ ဝမ်းနည်းမှုတွေ သည်လည်း တချိန်မှာ ပြီးသွားမှာပါပဲ၊

ဆုံးရှုံးမှုတွေ ဟာလည်း တချိန်မှာ ပြီးသွားမှာ ဖြစ်သလို၊ အောင်မြင်မှုတွေ သည်လည်း တချိန်မှာ ပြီးသွားမှာပါပဲ။ ကိုယ်လုပ်စရာ ရှိတာကိုလုပ်၊ ကိုယ်ဖြစ်ချင်တာကို ရသလောက် လုပ်သွားမှသာ တန်ဖိုးရှိသော ဘဝအဖြစ် ကျွန်တော်တို့ နေထိုင် သွားနိုင်မှာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments