လူတိုင်းကတော့ တစ်သက်မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ မြွေနဲ့ ပက်ပင်းတိုးဖူးမှာပါ။ အန္တရာယ်ရှိတဲ့မြွေတွေလည်းရှိသလို အန္တရာယ်မရှိတဲ့ မြွေတွေလည်းရှိပါတယ်။ သူတို့ရဲ့ အပြုအမူကို နားလည်နိုင်ရင် လူနှင့် တိရစ္ဆာန်တွေအတွက် ဘေးကင်းနိုင်ပါတယ်။

အန္တာတိက၊ အိုက်စလန်၊ အိုင်ယာလန်၊ ဂရင်းလန်းနှင့် နယူးဇီလန်တို့ကလွဲပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ မြွေတွေကို တွေ့နိုင်ပါတယ်။ စုစုပေါင်း မြွေမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ အဲ့ဒီထဲကမှ ၆၀၀ ခန့်ဟာ အဆိပ်ရှိပြီး လူသားတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

မြွေတွေ့ရင် ဘာလုပ်မလဲ။

သင့်အိမ်မှာ မြွေတစ်ကောင်တွေ့တယ်ဆိုရင် ဒါတွေကို မြန်မြန်လုပ်သင့်ပါတယ်။

၁။ လူတွေနှင့် အိမ်မွေးတိရစ္ဆာန်တွေအားလုံးကို အခန်းထဲကနေ ချက်ချင်းထွက်ခိုင်းပါ။

၂။ မြွေရှိတဲ့ အခန်းကို တံခါးပိတ်ထားပါ။

၃။ တံခါးအောက်က လွတ်နေတဲ့နေရာကို တစ်ခုခုနဲ့ လုံအောင်ပိတ်ပါ။

၄။ မြွေဖမ်းဖို့အတွက် သင့်တော်တဲ့လူတစ်ယောက်ကို ရှာတွေ့မှ မြွေကို ဖမ်းပါ။

- အိမ်နဲ့ မနီးမဝေးမှာ မြွေတစ်ကောင်တွေ့ရင် သတိထားပါ။ ဆန့်ကျင်ဘက်ကို ထွက်သွားတယ်ဆိုရင် အဲဒီမြွေကို ဘယ်တော့မှ ထပ်မတွေ့ရပါဘူး။ တကယ်လို့ မြွေက အိမ်၊ တဲ ဒါမှမဟုတ် ကားဆီကို ဝင်သွားတယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။

- လမ်းပေါ်မှာ မြွေတစ်ကောင်တွေ့ရင် မကြောက်ပါနဲ့။ ထုံးစံအတိုင်း မြွေတွေက သူတို့ကို မနှောင့်ယှက်ရင် မတိုက်ခိုက်ပါဘူး။

မြွေနဲ့တွေ့တဲ့အခါ ဘယ်လိုပြုမူရမလဲ။

ပန်းခြံတွေ၊ သစ်တောတွေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေလိုမျိုး အန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ လမ်းလျှောက်တဲ့အခါ ဂရုတစိုက်သွားပါ။ တကယ်လို့ မြွေကိုတွေ့ပြီဆိုရင်

- စိတ်အေးအေးထားပါ။ မြွေတစ်ကောင်ကို ဖြတ်ပြေးတာတွေ့ရင် ထိတ်လန့်တကြားမအော်ပါနဲ့။ ထွက်မပြေးပါနဲ့။ အဲဒီအစား စိတ်ကိုအေးအေးထားပြီး အသက်ပြင်းပြင်းရှူပါ။

- အနားကို အရမ်းမကပ်နဲ့။ ဘယ်လိုမြွေမျိုးလဲဆိုပြီး သိချင်ဇောနဲ့ အနားကို မသွားပါနဲ့။

- နောက်ကို ဖြည်းဖြည်းချင်း ဆုတ်ပါ။ မြွေက သင့်နောက်ကို ပြေးမလိုက်ပါဘူး။ လူတွေက သူတို့ကို ရှောင်သလိုမျိုး သူတို့ကလည်း လူတွေနဲ့ မတွေ့မိစေဖို့ ရှောင်ပါတယ်။

- ဘာကိုမှ မထိခိုက်မိအောင် ရှောင်ထွက်ပါ။ သင်သာ ဖြေးဖြေးချင်း ဆုတ်ရင် မြွေက မတိုက်ခိုက်ပါဘူး။

- မြွေကလည်ပင်းကို ကွေးနေပြီဆိုရင် ရန်လိုပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုလိုပါတယ်။ စပါးအုံးမြွေနှင့် မြွေပွေးတွေကတော့ မျဉ်းဖြောင့်အတိုင်း ရှေ့ကို ရွေ့လျားကြပြီး တခြားမြွေတွေကတော့ တွန့်လိမ်တွန့်လိမ်နဲ့ သွားတတ်ကြပါတယ်။

သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ။

- ပန်းခြံနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွေမှာ လျှောက်သွားတဲ့အခါ လမ်းကိုကြည့်လျှောက်ပါ။

- လမ်းလျှောက်နေတဲ့အချိန်မှာထွက်တဲ့ ဆူညံသံက မြွေတွေကို ပြေးစေပါတယ်။

- မြွေကို ကိုယ်တိုင်ဖမ်းဖို့ ဒါမှမဟုတ် သတ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ဒီလိုအခြေအနေမျိုးမှာ အကိုက်ခံရတာများပါတယ်။

- မြွေတစ်ကောင်နဲ့တွေ့ရင် အသက်မရှိတော့ရင်တောင် လက်နဲ့ဖြစ်ဖြစ် တုတ်နဲ့ဖြစ်ဖြစ် မထိသင့်ပါဘူး။ Rinkhal လိုမျိုးမြွေတွေက အသက်မရှိရင်တောင် ထပြီး တိုက်ခိုက်တတ်ပါတယ်။

- မြွေသေးသေးလေးတွေကို လျှော့မတွက်ပါနဲ့။ အလွန်အန္တရာယ်များပါတယ်။ အညိုရောင်မြွေကလေးတွေဆိုရင် အကောင်ပေါက်ချိန်ကစပြီး အဆိပ်ရှိပါတယ်။

- ခြံကို အမြဲတမ်း သန့်ရှင်းရေးလုပ်ပေးပါ။ မြက်ပင်အရှည်တွေနှင့် အမှိုက်တွေက မြွေတွေအတွက် ခိုအောင်းလို့ ကောင်းပါတင်္ယ။

- အိမ်ထဲမှာ ကြွက်တွေမရှိအောင် ဂရုစိုက်ပါ။ မြွေတွေက ကြွက်တွေကို အရမ်းကြိုက်တာကြောင့် ကြွက်တွေများတာက မြွေတွေကို ဆွဲဆောင်သလိုဖြစ်နေပါလိမ့်မယ်။

မြွေကိုက်ခံရရင် ဘယ်လိုလုပ်မလဲ။

မြွေကိုက်ခံရပြီဆိုရင်

- အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ပါ။

- မြွေတိုင်းဟာ အဆိပ်ရှိနိုင်တယ်လို့ အမြဲယူဆပါ။

- စိတ်အေးအေးထားပြီး ထိုင်ပါ။ ထိုင်လိုက်တာက ခန္ဓာကိုယ်အနှံ့အဆိပ်တွေပွားတာရဲ့ အရှိန်ကို လျှော့ချပေးပါတယ်။

- ကျွမ်းကျင်သူတွေကို ပြောပြဖို့ မြွေက ဘယ်လိုလဲဆိုတာ မှတ်မိအောင်ကြိုးစားပါ။

- လူနာတင်ယာဉ်မရောက်ခင် အကိုက်ခံရတဲ့နေရာကို နှလုံးထက်နိမ့်နေအောင် လုပ်ပါ။

- တတ်နိုင်ရင် အကိုက်ခံရတဲ့နေရာကို ရေနွေးလေးနဲ့ဆပ်ပြာလေးနဲ့ ဆေးပေးပါ။

- အကိုက်ခံရတဲ့နေရာကို သန့်ရှင်းခြောက်သွေ့နေစေဖို့ အုပ်ထားပါ။

- ကဖိန်းဓာတ်ပါတဲ့ ဘယ်အရာမှ မသောက်မစားပါနဲ့။

- ဓား ဒါမှမဟုတ် အခြားချွန်ထက်တဲ့ အရာနဲ့ မထိုးပါနဲ့။

- အဆိပ်တွေကို စုပ်ထုတ်ဖို့ မကြိုးစားပါနဲ့။

- အကိုက်ခံရတဲ့အခါ ရေခဲနဲ့ မပွတ်ပါနဲ့။

Zombie (lovemedia)