သားရေခါးပတ်ကို အသုံးပြုဖန်များလာတဲ့အခါမှာ ခြစ်ရာ၊ အစင်းရာတွေ ထင်လာပါတယ်။ သားရေခါးပတ်ကို သန့်ရှင်းရေးလုပ်ဖို့အတွက် တိကျတဲ့နည်းလမ်းကတော့ မရှိပါဘူး။ ဒါပေမယ့် လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ပုံမှန်သန့်ရှင်းရေး လုပ်ပေးတဲ့အခါမှာတော့ သားရေခါးပတ်က ကြာရှည်ခံမှာပါ။
A. နေ့စဉ်သန့်ရှင်းရေး လုပ်ပေးခြင်း
သားရေခါးပတ်ကို နေ့စဉ်သန့်ရှင်းရေး လုပ်ပေးခြင်းကလည်း ထိန်းသိမ်းနည်းတစ်မျိုးပါပဲ။ အသုံးပြုပြီးတဲ့အခါတိုင်း သန့်ရှင်းရေးလုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် ခဏခဏ သန့်ရှင်းရေးလုပ်ပေးရင်လည်း မကောင်းပါဘူး။ လိုအပ်တဲ့ပစ္စည်းကတော့ သားရေကို သန့်ရှင်းရေးတဲ့ဆပ်ပြာနဲ့ ရေနွေးပါပဲ။
သားရေကို သန့်ရှင်းရေးလုပ်တဲ့ဆပ်ပြာက သာမန်ဆပ်ပြာနဲ့ မတူပါဘူး။ သာမန်ဆပ်ပြာကို သားရေခါးပတ်မှာ သန့်ရှင်းရေးလုပ်ရင် ခါးပတ်က အလကားဖြစ်သွားတတ်ပါတယ်။ သားရေသန့်ရှင်းရေးဆပ်ပြာ မရှိတဲ့အခါ သားရေသန့်ရှင်းဆေးရည်ကို အသုံးပြုလို့ရပါတယ်။
- ခါးပတ်က အရမ်းညစ်ပတ်နေရင် အဝတ်တစ်ခုကို ရေနွေးတစ်ခုထဲမှာစိမ်ပြီး ခါးပတ်ကို ပွတ်တိုက်ပေးပါ။ ခါးပတ်က အရမ်းမညစ်ပတ်ဘူးဆိုရင်တော့ အဝတ်စခြောက်နဲ့ ဒီအတိုင်းပွတ်လိုက်လို့ရပါတယ်။
- နောက်ထပ် အဝတ်စတစ်ခုမှာ သားရေသန့်ရှင်းရေးဆပ်ပြာကို ထည့်ပြီး ခါးပတ်မှာ ပွတ်တိုက်ပေးပါ။
- အဲဒီနောက် ခါးပတ်ကို အဝတ်စနဲ့ ထပ်ပြီး ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။
- တစ်ညလောက် အခြောက်ခံထားပြီးရင်တော့ အသုံးပြုလို့ရပါပြီ။
B.ခါးပတ်ပေါ်က အစွန်းတွေကို ဖယ်ရှားခြင်း
ခါးပတ်ပေါ်မှာ အစွန်းတွေ ထင်နေရင် ဖယ်ရှားဖို့ ခက်ပါတယ်။ အဲဒါကြောင့် စွန်းသွားပြီးတာနဲ့ ခပ်မြန်မြန် သန့်ရှင်းရေးလုပ်သင့်ပါတယ်။
နည်းလမ်း ၁
လိုအပ်သောပစ္စည်းများ
- ပြောင်းမှုန့်
- ဘရက်ရှ်
- အဝတ်စ
ခါးပတ်မှာ ဆီတွေ စွန်းသွားတဲ့အခါ စွန်းသွားတဲ့နေရာကို အဝတ်စနဲ့ ပွတ်တိုက်ပေးပါ။ အဲဒီနောက် ဆီစွန်းသွားတဲ့နေရာမှာ ပြောင်းမှုန့်ကို ပုံထားလိုက်ပါ။ ပြောင်းမှုန့်က ဆီတွေကို စုပ်ယူပေးပါတယ်။
ခဏကြာထားပြီးရင်တော့ ပြောင်းမှုန့်တွေကို ဖယ်လိုက်လို့ရပါပြီ။ ပြောင်းမှုန့်တွေ ပြောင်သွားအောင် ဘရက်ရှ်သေးသေးလေးနဲ့ ပွတ်တိုက်ပေးပါ။
နည်းလမ်း ၂
လိုအပ်သောပစ္စည်းများ
- အရက်ပြန်
- အဝတ်စ
- ဆံပင်လေမှုတ်စက်
ခါးပတ်မှာ ဘောပင်အစွန်းတွေ၊ မင်စွန်းတွေ ပေကျံနေတဲ့အခါ အဝတ်စကို အရက်ပြန်ထဲမှာ နှစ်ပြီး ခါးပတ်မှာ ပွတ်တိုက်ပေးပါ။ အစွန်းတွေ ပြောင်သွားတဲ့အခါ ခြောက်သွေ့သွားအောင်လို့ ဆံပင်လေမှုတ်စက်နဲ့ မှုတ်ပေးပါ။
နည်းလမ်း ၃
လိုအပ်သောပစ္စည်းများ
- ဇလုံတစ်လုံး
- သားရေသန့်ရှင်းရေးဆပ်ပြာ
- အဝတ်စ ၃ ထည်
သားရေသန့်ရှင်းရေးဆပ်ပြာကို ဟင်းသီးဟင်းရွက်ဆီ သို့မဟုတ် သံလွင်ဆီနဲ့ ပြုလုပ်ပါတယ်။ အဲဒီဆပ်ပြာက အရမ်းကို နူးညံ့ပြီး သားရေပေါ်က အစွန်းတွေကို ခဏအတွင်း ပြောင်စင်စေပါတယ်။
ရေနွေးစိမ်ထားတဲ့ အဝတ်စနဲ့ ခါးပတ်ကို သုတ်ပေးပါ။ နောက်ထပ်အဝတ်စတစ်ထည်မှာ ဆပ်ပြာထည့်ပြီး ခါးပတ်ကိုပွတ်တိုက်ပေးပါ။ နောက်ဆုံးပိတ်စနဲ့ ခါးပတ်ကို ခြောက်သွေ့အောင် သုတ်ပေးပါ။
ဆပ်ပြာရည်နဲ့ သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဇလုံထဲမှာ ရေနွေးနဲ့ ဆပ်ပြာရည်ကို ရောလိုက်ပါ။ ဇလုံထဲမှာ ခါးပတ်ကို နှစ်ပြီး သန့်ရှင်းရေးလုပ်ပါ။ ခါးပတ်က သန့်ရှင်းသွားပြီဆိုရင် ရေနွေးနဲ့ ဆေးချပါ။ အဲဒီနောက် ခါးပတ်ကို ရေခြောက်သွားအောင်လို့ တစ်ညခန့် လေနဲ့ အခြောက်ခံပေးပါ။
C. ခါးပတ်က အနံ့ဆိုး
တစ်ခါတရံ ခါးပတ်ကနေ အနံတွေ ထွက်လာတတ်ပါတယ်။ အဲဒီအနံ့ဆိုးတွေကို ဖယ်ရှားဖို့ နည်းလမ်းရှိပါတယ်။
- မီးသွေးခဲ၊ မုန့်ဖုတ်ဆိုဒါ
- လေစုပ်အိတ်
လေစုပ်အိတ်ထဲမှာ မီးသွေးခဲနဲ့ မုန့်ဆိုဒါ၊ ခါးပတ်တို့ကို ရောထည့်ပြီး လေထွက်သွားအောင် ပိတ်လိုက်ပါ။ ရက်အနည်းငယ်ကြာထားပြီး ပြန်သုံးတဲ့အခါမှာတော့ ခါးပတ်မှာ အနံ့ဆိုးတွေ မရှိတော့ပါဘူး။
Zombie (lovemedia)
0 Comments