ထမင်းဟင်းချက်ပြုတ်တဲ့အခါ ဓားက မဖြစ်မနေ လိုအပ်တဲ့အရာပါ။ ဓားက နေ့စဉ်အသုံးပြုရတဲ့အတွက် အသုံးပြုဖန်များရင် အရင်လို မထက်တော့ပါဘူး။ အဲဒါကြောင့် ဓားရဲ့သက်တမ်းကို ရှည်ကြာစေဖို့၊ ဓားထက်နေစေဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ဓားကို အရိုးအကြီးကြီးတွေကို ခုတ်ဖို့၊ ရေခဲတွေကို ဖြတ်ဖို့၊ သံဘူးတွေကို ဖောက်ဖို့ သုံးရင် ဓားက ပဲ့ထွက်သွားတာ၊ ကြာရှည်အသုံးမခံတာမျိုး ဖြစ်စေပါတယ်။ အဲဒါကြောင့် ပါးလွှာတဲ့အရာတွေ၊ ပျော့တဲ့အရာတွေကို လှီးဖြတ်ဖို့သာ အသုံးပြုသင့်ပါတယ်။
စဉ်းတီးတုံးမှာသာ လှီးပါ။
စားစရာတွေကို လှီးဖြတ်တော့မယ်ဆိုရင် စဉ်းတီတုံးပေါ်မှာသာ လှီးဖြတ်သင့်ပါတယ်။ စဉ်းတီတုံးကို မသုံးဘဲ မာတဲ့မျက်နှာပြင်ပေါ်မှာ လှီးဖြတ်ရင် ဓားက ထက်တော့မှာမဟုတ်သလို အသုံးပြုလို့လည်း မကောင်းတော့ပါဘူး။ သစ်သားစဉ်းတီတုံးနဲ့ ပလက်စတစ်စဉ်းတီတုံးကတော့ အကောင်းဆုံးပါပဲ။
ဓားကို သေသေချာချာသိမ်းပါ။
ဓားကို ထိန်းသိမ်းတဲ့ပုံစံကလည်း ဓားရဲ့အရည်အသွေးကို ကွဲပြာသွားစေပါတယ်။ ဓားကို ဓားအိမ်မတပ်ဘဲ အံဆွဲထဲမှာ ဇွန်းတွေ၊ ခက်ရင်းတွေနဲ့ ရောမထားသင့်ပါဘူး။ ဓားကို ဓားအိမ်တပ်ပြီးမှ သိမ်းတာ သို့မဟုတ် ဓားသိမ်းတဲ့ဘူးထဲမှာ သိမ်းတာမျိုးကို ပြုလုပ်သင့်ပါတယ်။
ဓားကို ဆေးကြောပုံ
ဓားကို အသုံးပြုပြီးတိုင်း ရေနွေးနဲ့ ဆေးကြောသင့်ပါတယ်။ ဓားကို ရေထဲမှာ အချိန်အကြာကြီး မစိမ်ထားသင့်ပါဘူး။ ရေဆေးပြီးရင်လည်း ခြောက်သွေ့အောင်လို့ သေချာသုတ်ပေးသင့်ပါတယ်။ ဓားက အချိန်အကြာကြီး ရေစိုနေရင် သံချေးတက်သွားတတ်ပါတယ်။
ဓားသွေးဖို့လည်း မမေ့သင့်ပါဘူး။
ဓားကို အမြဲတမ်းထက်နေဖို့အတွက် ပုံမှန်သွေးပေးသင့်ပါတယ်။ ထက်နေတဲ့ဓားထက် တုံးနေတဲ့ဓားက သင့်အတွက် ပိုပြီး အန္တရာယ်ရှိပါတယ်။ လျှပ်စစ်နဲ့ ဓားသွေးပေးတဲ့စက်ကို အသုံးမပြုသင့်ပါဘူး။ ဓားသွေးကျောက်ပေါ်မှာ သွေးတာက အကောင်းဆုံးပါ။
Zombie (lovemedia)
0 Comments