အနိုင်ကျင့်တာက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ကြုံတွေ့ရများတဲ့ ပြဿနာတစ်ရပ်ပါ။ စကားလုံးတွေနဲ့အနိုင်ကျင့်တာ၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်တာ၊ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာ စတဲ့နည်းမျိုးစုံနဲ့ အနိုင်ကျင့်တတ်ကြပါတယ်။
ယခုခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေကနေတောင် အနိုင်ကျင့်လာကြပါတယ်။ အဲဒါကြောင့် သင့်ကလေး အနိုင်ကျင့်ခံနေရရင် ဘယ်လိုပြုလုပ်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
သင့်ကလေး အနိုင်ကျင့်ခံနေရကြောင်း သိနိုင်မယ့်လက္ခဏာများ
ကလေးအချင်းချင်းကြားမှာ သူငယ်ချင်း၊ မောင်နှမတွေက အနိုင်ကျင့်တာ များပါတယ်။ ကလေးအချင်းချင်းကြားမှာ စနောက်တာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် စနောက်တာက အန္တရာယ်ရှိလာတဲ့အခါမှာတော့ ခွင့်မပြုသင့်ပါဘူး။ သင့်ကလေးက အနိုင်ကျင့်ခံနေရပြီဆိုရင်
- အမူအရာတွေ ပြောင်းလာတာ
- အမြဲလိုလို စိုးရိမ်ပူပန်နေတာ
- အစားမစားတာ
- သေချာမအိပ်တာ
- လုပ်နေကျအရာတွေကို ပျော်ပျော်ရွှင်ရွှင်မလုပ်တာ
- အမြဲလိုလို ဝမ်းနည်းနေတာ
- ကျောင်းမသွားချင်တာ စတဲ့လက္ခဏာတွေ ပြလာတတ်ပါတယ်။ အချို့ကလေးတွေက အနိုင်ကျင့်ခံနေရာကို မိဘကို မပြောတတ်ကြပါဘူး။ အဲဒါကြောင့် ကလေးရဲ့အမူအရာကို အမြဲအကဲခတ်နေသင့်ပါတယ်။
ကလေးတွေက အခြားကလေးကို ဘာကြောင့်အနိုင်ကျင့်ကြသလဲ။
အနိုင်ကျင့်ရတဲ့အကြောင်းအရင်းတွေက ကွဲပြားနိုင်ပါတယ်။ နာမည်ပြောင်တွေပေးပြီး အမြဲတမ်းအနိုင်ကျင့်ခံရတဲ့နေရာကနေ လာတဲ့ကလေးအတွက် အနိုင်ကျင့်တာက ပုံမှန်ဖြစ်ပြီး အခြားကလေးတွေကိုလည်း အနိုင်ကျင့်သွားတတ်ပါတယ်။ တီဗွီထဲက အမူအရာ၊ သူ့ပတ်ဝန်းကျင်က လူတွေရဲ့အပြုအမူအကျင့်စရိုက်တွေကြောင့်လည်း ကလေးတွေက အနိုင်ကျင့်တတ်သွားပါတယ်။
အနိုင်ကျင့်ခံရတဲ့အခါ မိဘတွေ လုပ်ပေးသင့်တဲ့အချက်များ
သင့်ကလေးက အနိုင်ကျင့်ခံနေရကြောင်း မိဘတွေကို ပြောပြတဲ့အခါ သေချာနားထောင်ပေးသင့်ပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့အပြင် မိဘတွေက ငြိုငြင်ပြီး ဒေါသထွက်ပြရင်၊ အော်လိုက်ရင် ကလေးအတွက် စိတ်ခံစားချက်တွေ ပိုရသွားမှာပါ။
- မှန်တဲ့အရာနဲ့ အမှားတဲ့အရာတွေကို ကလေးနားလည်အောင် သေချာရှင်းပြပါ။ အနိုင်အကျင့်ခံရတာ ကလေးရဲ့အမှားမဟုတ်ကြောင်း၊ အနိုင်ကျင့်တဲ့သူကသာ ရှက်စရာကြောင်းကြောင်း ပြောပြပေးပါ။
- သင့်ကလေးက ခဏခဏအနိုင်ကျင့်ခံရတဲ့အခါမှာ ကျောင်းကို သွားပြီး ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ပါ။
အနိုင်ကျင့်ခံရတဲ့အခါ ကလေးတွေ ပြုလုပ်သင့်တဲ့အချက်များ
၁။ လူကြီးမိဘတွေကို ပြောပြပါ။
အနိုင်ကျင့်ခံရတဲ့အခါမှာ မိဘ၊ ဆရာ၊ ဆရာမ၊ ကျောင်းအုပ်ကြီး၊ အစ်ကို၊ အစ်မ၊ အခြားလူကြီးတွေနဲ့ တိုင်ပင်ပါ။ လူကြီးတွေက အကြံဉာဏ်တွေပေးပြီး ကူညီပေးနိုင်ပါတယ်။
၂။ ဒေါသကို ထိန်းထားပါ။
အနိုင်ကျင့်တဲ့သူက စိတ်တိုလာအောင် လာဆွတတ်ပါတယ်။ အဲဒီအခါ စိတ်ကို ငြိမ်ငြိမ်ထားပါ။ ငိုတာလည်း မလုပ်သင့်သလို ဒေါသထွက်တဲ့အမူအရာလည်း မလုပ်သင့်ပါဘူး။ အနိုင်လာကျင့်တာကို ဂရုမစိုက်တဲ့ပုံစံနဲ့ ပြုံးပြလိုက်တာ၊ ရယ်ပစ်လိုက်တာက အနိုင်ကျင့်သူကို နောက်ဆုတ်သွားစေပါတယ်။ အနိုင်ကျင့်တဲ့သူတွေနဲ့ ခပ်ဝေးဝေးမှာသာနေပါ။
၃။ မိတ်ဆွေဖွဲ့ပါ။
အနိုင်ကျင့်ခံရမှာကို ကြောက်လို့ ကျောင်းမသွားတာ၊ ကျောင်းရဲ့လှုပ်ရှားမှုတွေကို လိုက်မလုပ်တာတွေကို ရှောင်သင့်ပါတယ်။ တစ်ယောက်တည်းနေတာကို ရှောင်ကြဉ်ပြီး သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်နေပါ။
၄။ ယုံကြည်မှုရှိရှိ နေထိုင်ပါ။
အနိုင်ကျင့်ခံရတယ်ဆိုပြီး စိတ်ဓာတ်ကျမနေသင့်ပါဘူး။ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး စိတ်ဝင်စားတဲ့အရာတွေကို ပြုလုပ်သင့်ပါတယ်။ အရေးအကြီးဆုံးကတော့ အနိုင်ကျင့်ခံရတာက သင့်ရဲ့အမှားမဟုတ်ပါဘူး။
Zombie (lovemedia)
0 Comments