စတော်ဘယ်ရီသီးဝယ်တဲ့အခါ ဒီလိုအချက်တွေနဲ့ ရွေးဝယ်ပါ

စတော်ဘယ်ရီသီးကို အမြင်နဲ့ရွေးချယ်ရတာ လွယ်တော့မလွယ်ကူပါဘူး။ သေသေချာချာ ကြည့်ပြီးရွေးဝယ်ရင်တောင် မကောင်းတဲ့အသီးတွေက ပါလာတတ်ပါတယ်။

အဲဒါကြောင့် စတော်ဘယ်ရီသီးဝယ်တဲ့အခါ ဘယ်လိုအချက်တွေနဲ့ ရွေးချယ်သင့်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အရောင်

စတော်ဘယ်ရီသီးရွေးဝယ်မယ်ဆိုရင် အရေးကြီးတာက အရောင်ပါ။ အရောင်နဲ့ ချိုတဲ့အရသာက စတော်ဘယ်ရီသီးမှာ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ စတော်ဘယ်ရီသီးက အစိမ်းရောင်နဲ့ အဖြူရောင်ရောနေမယ်ဆိုရင် ရက်တော်တော်ကြာတဲ့အထိ ချိုလာမှာမဟုတ်ပါဘူး။

အဲဒါကြောင့် စတော်ဘယ်ရီသီးဝယ်တဲ့အခါ ချိုတဲ့အသီးရစေဖို့ နီရဲနေတဲ့အသီးကိုသာ ရွေးဝယ်ပါ။ စတော်ဘယ်ရီအရွက်ရဲ့အရောင်ကိုလည်း မေ့မထားသင့်ပါဘူး။ စတော်ဘယ်ရီအရွက်ရဲ့အ‌ရောင်က လုံးဝအစိမ်းရောင်ဖြစ်နေသင့်ပါတယ်။ အရွက်စိမ်းစိမ်း၊ အသီးနီနီဖြစ်နေတဲ့ စတော်ဘယ်ရီက များသောအားဖြင့် ချိုပါတယ်။

အရွယ်အစား

စတော်ဘယ်ရီသီးသေးသေးလေးတွေက ချိုလေ့ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး။ စတော်ဘယ်ရီအမျိုးအစားတွေကလည်း အများကြီးရှိလို့ပါ။ စတော်ဘယ်ရီရဲ့ပုံစံတွေကလည်း ကွဲပြားနိုင်ပါတယ်။

ဒါပေမယ့် အသီးပုံစံမလှတိုင်း မချိုတာတော့မဟုတ်ပါဘူး။ စတော်ဘယ်ရီသီးက မှည့်မှ ချိုတယ်ဆိုပေမယ့် ပြဲနေတဲ့အသီး၊ အမှည့်လွန်နေတဲ့အသီး၊ ကိုင်လိုက်တာနဲ့ အိဝင်သွားတဲ့အသီးတွေကိုတော့ မရွေးချယ်သင့်ပါဘူး။

အခြားအချက်များ

စတော်ဘယ်ရီသီးမှာ ပိုးသတ်ဆေးတွေ အများကြီးပါဝင်နေနိုင်ပါတယ်။ အဲဒါကြောင့် သဘာဝမြေဩဇာတွေနဲ့ စိုက်ပျိုးထားတဲ့ စတော်ဘယ်ရီသီးကသာ အန္တရာယ်အကင်းဆုံးပါ။

သဘာဝမြေဩဇာတွေနဲ့ စိုက်ပျိုးထားတဲ့စတော်ဘယ်ရီသီးက အရသာအရမ်းမချိုနိုင်ပေမယ့် ကျန်းမာရေးအတွက်တော့ သင့်တော်ပါတယ်။ စတော်ဘယ်ရီကို အထုပ်နဲ့ ဝယ်တဲ့အခါ မှိုတက်နေလားဆိုတာ သေချာစစ်ဆေးသင့်ပါတယ်။

မှိုအနည်းငယ်ပါတာနဲ့ အဲဒီမှိုက အထုပ်ထဲက စတော်ဘယ်ရီသီးအားလုံးကို ပျံ့နှံ့ပြီးသွားလောက်ပါပြီ။ ဒါ့အပြင် စတော်ဘယ်ရီသီးအိတ်ရဲ့အောက်ခြေမှာ နာနေတဲ့အသီး၊ မကောင်းတဲ့အသီးတွေလည်း ထည့်ထားတတ်တာကိုလည်း ဂရုပြုသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments