ဂျင်းက အချိန်ကြာကြာ လတ်ဆတ်နေစေဖို့ သိမ်းဆည်းနည်း (၅) နည်း

ဂျင်းက ချက်ပြုတ်ရာမှာ မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ အရမ်းကို အသုံးဝင်တဲ့ဂျင်းတွေကို ကြာရှည်ခံအောင် ဘယ်လိုနည်းတွေနဲ့ သိမ်းဆည်းနိုင်မလဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေခဲသေတ္တာထဲမှာ သိမ်းခြင်း

ဂျင်းတွေကို အခွံမခွာဘဲ ဇစ်ပါတဲ့အိတ်တစ်လုံးထဲမှာ ထည့်ပါ။ လေလုံအောင် သေချာပိတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ အအေးခန်းထဲမှာတော့ ထည့်စရာမလိုပါဘူး။ အဲဒီအခါ ဂျင်းတွေက ၃ ပတ်အထိ အထားခံပါတယ်။

၂။ ခြစ်ပြီး သိမ်းခြင်း

ဂျင်းတွေကို အခွံခွာပြီး ခြစ်ပါ။ ပလက်စတစ်အိတ်တစ်လုံးထဲမှာ ထည့်ပြီး လေလုံအောင် ပိတ်ထားပါ။ အဲဒီနောက် ရေခဲသေတ္ထာထဲမှာသိမ်းထားရင် ကြာကြာအထားခံပြီး ဟင်းချက်တဲ့အခါ ဂျင်းကို ခွာနေဖို့ အချိန်မကုန်တော့ပါဘူး။

၃။ ဂျင်းကို အပူပေးခြင်း

ဂျင်းကို အခွံသင်ပြီး ခြစ်လိုက်ပါ။ မိုက်ခရိုဝေ့မီးဖိုထဲ ထည့်လို့ရတဲ့ ပန်းကန်တစ်လုံးကို ယူပါ။ အဲဒီပန်းကန်ထဲကို ဆီတစ်ခွက်နဲ့ ခြစ်ထားတဲ့ ဂျင်းကို ထည့်လိုက်ပါ။

အပူချိန် ၁၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၂ နာရီကြာ မိုက်ခရိုမီးဖိုထဲမှာ အပူပေးလိုက်ပါ။ ၂ နာရီပြည့်တဲ့အခါ မိုက်ခရိုဝေ့ထဲကနေ ထုတ်ပြီး အအေးခံပါ။ အေးသွားတဲ့အခါ ပုလင်းတစ်ခုထဲကို ပြောင်းထည့်ပါ။

၄။ အခြောက်ခံခြင်း

ဂျင်းတွေကို အခွံသင်ပြီး အချပ်အပြားလေးတွေ ဖြစ်အောင် လှီးလိုက်ပါ။ လှီးထားတဲ့ဂျင်းတွေကို ပန်းကန်ပြားထဲထည့်ပြီး မိုက်ခရိုဝေ့မီးဖိုထဲမှာ ၉၀ စက္ကန့်ကြာ အပူပေးပါ။

အဲဒီနောက် ဂျင်းလေးတွေက ခြောက်ခြောက်သွေ့သွေ့နဲ့ ကြွပ်ကြွပ်လေးဖြစ်သွားပါပြီ။ အခြောက်ခံထားတဲ့ဂျင်းကို ရေနွေးထဲ ထည့်သောက်ရင်လည်း အရမ်းအဆင်ပြေပါတယ်။

၅။ သကြားအုပ်ခြင်း

ဂျင်းတွေကို အခွံခွာပြီး အပြားလေးတွေဖြစ်အောင် လှီးပါ။ ရေနွေးထဲမှာ ဂျင်းပြားလေးတွေကို ထည့်ပြီး ဆူပွက်လာအောင် ပြုတ်ပါ။ အဲဒီနောက် ထွက်လာတဲ့အရည်တွေကို ဖယ်ထုတ်လိုက်ပါ။ သကြား ၁၀၀ ဂရမ်နဲ့ ရေ ၅၀ မီလီကို ရောကြိုပါ။ ဂျင်းပြားလေးတွေကို ထည့်ပါ။

မီးအေးအေးနဲ့ မိနစ် ၃၀ ခန့်ထားပါ။ မိနစ် ၃၀ ခန့်ထားပြီးနောက်မှာတော့ ဂျင်းလေးတွေကို အအေးခံပြီး စားလို့ရပါပြီ။ ဘူးတစ်ခုထဲမှာထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရင် အချိန်အတော်ကြာ အထားခံပါတယ်။

အိမ်မှာ ဂျင်းကို ဘယ်လိုစိုက်ပျိုးမလဲ။

ဂျင်းကို တစ်လက်မအရှည်ခန့် ဖြတ်ပြီးတော့ တစ်ရက်ကြာ ရေစိမ်ထားပါ။ ဂျင်းက လိုအပ်တဲ့ ရေဓာတ်ကို စုပ်ယူပါတယ်။ ရေကို ဖယ်ထုတ်လိုက်ပြီး မြေကြီးထဲမှာ ဂျင်းတက်တွေကို ထည့်စိုက်ပါ။ ရေကို ၂ ရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ်ခန့် လောင်းပေးရင် လုံလောက်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments