ကလေးငယ်ငယ်လေးတွေကို ဘယ်နှနာရီတစ်ခါ နို့တိုက်သင့်လဲဆိုတာကို အချို့မိဘတွေက ဝေခွဲမရဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့အရွယ်ပေါ်မူတည်ပြီး နို့တိုက်ကျွေးသင့်တဲ့အချိန်တွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ပထမနေ့
ကလေးလေးတွေကို မွေးတဲ့ပထမဆုံးနေ့ကို ဆိုလိုတာပါ။ မွေးကင်းစကလေးတွေရဲ့ အစာအိမ်က အရမ်းကို သေးပါတယ်။ ကလေးတွေကို ဗိုက်ပြည့်ဖို့ဆိုပြီး နို့အများကြီးတိုက်ဖို့မလိုပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကလေးတောင်းဆိုသလောက်ပဲ နို့တိုက်သင့်ပါတယ်။
မွေးကင်းကစလေးတွေက ၁ နာရီကနေ ၃ နာရီခြားတစ်ခါလောက် ဗိုက်ဆာတတ်ပါတယ်။ မွေးကင်းစကလေးတွေကို ခဏခဏနို့တိုက်တာရင် မိခင်လည်း နို့ပိုထွက်သလို နို့ဘယ်လို သေသေချာချာစို့ရမလဲဆိုတာကို ကလေးက လေ့လာပြီးသားဖြစ်စေပါတယ်။
မွေးကင်းစကလေးတွေက တစ်ရက်ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ နို့စို့တတ်ကြပါတယ်။ ပထမဆုံး ၂ ရက်အတွင်းမှာတော့ နိ့ကို ဝ.၅ အောင်စ ခန့်ပဲ သောက်သုံးနိုင်ပါသေးတယ်။ ပထမတစ်ပတ်အတွင်းမှာဆိုရင် ကလေးတွေက ၁ အောင်စကနေ ၂ အောင်စ လောက်အထိ နို့စို့လာနိုင်ပါပြီ။
ပထမဆုံးရက်မှာတော့ ကလေးက နို့တစ်ခါစို့ရင် မိနစ် ၂၀ အထက် ကြာသင့်ပါတယ်။ ကလေးတွေ ကြီးလာတာနဲ့အမျှ နို့စို့တဲ့အချိန်က လျော့သွားပါတယ်။ မွေးကင်းစကလေးတွေက အချိန်အကြာကြီး အိပ်တတ်ပါတယ်။
သင့်ကလေးက ၄ နာရီအထက် အိပ်နေရင် နှိုးပြီးတော့ နို့တိုက်သင့်ပါတယ်။ ၄ နာရီအထက်အိပ်ပြီး နို့မစို့ရင် ကလေးရဲ့ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေပါတယ်။
ပထမတစ်ပတ်
ကလေးကြီးထွားလာတာနဲ့အမျှ အစာအိမ်ကလည်း ကြီးလာပါပြီ။ အဲဒါကြောင့် နို့ကို ပိုပြီး တိုက်ကျွေးဖို့ လိုအပ်လာပါပြီ။ ကလေးအသက် ၂ ပတ်ရောက်တဲ့အခါမှာတော့ ၂ အောင်စကနေ ၃ အောင်စအထိ နို့ကို သောက်သုံးလာနိုင်ပါတယ်။
ကလေး အသက် ၂ လအရွယ်မှာ ၄ အောင်စကနေ ၅ အောင်စ၊ ၄ လအရွယ်မှာ ၄ အောင်စကနေ ၆ အောင်စအထိ နို့စို့လာနိုင်ပါပြီ။ နို့တိုက်တဲ့အချိန် တစ်ချိန်နဲ့တစ်ချိန်ကြားကလည်း တဖြည်းဖြည်းနဲ့ တိုးလာပါတယ်။
ပျမ်းမျှအားဖြင့် ကလေးတွေက ၂ နာရီတစ်ခါ သို့မဟုတ် ၄ နာရီတစ်ခါ သို့မဟုတ် ၅ နာရီတစ်ခါ နို့စို့တတ်ကြပါတယ်။ ကလေးတွေက ဗိုက်ပြည့်သွားတဲ့အခါမှာတော့ နို့ကို ဆက်ပြီးမစို့တော့ပါဘူး။
အသက် ၆ လမှ တစ်နှစ်အရွယ်
အသက် ၆ လကနေ တစ်နှစ်အရွယ်မှာ ကလေးတွေက နို့စိုတဲ့ကြာချိန်ပြောင်းလဲသွားပါတယ်။ အသက် ၆ လမှာ အခြားဖြည့်စွက်စာတွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ကျွေးလို့ရနေပါပြီ။
ကလေး ၆ လအရွယ်မှာ ၄ နာရီခြားတစ်ခါ နို့ ၈ အောင်စ လိုအပ်ပါတယ်။ ကလေးတွေကို အခြားအစားအစာ ကျွေးလို့ရတယ်ဆိုပေမယ့် မိခင်ရဲ့နို့ကတော့ အရေးအကြီးဆုံးနဲ့ အာဟာရအရှိဆုံးပါပဲ။
အသက် တစ်နှစ်မှ နှစ်နှစ်အရွယ်
ကလေးတွေက အသက်တစ်နှစ်ကျော်လာတဲ့အခါမှာတော့ မိခင်နို့ထက် မုန့်တွေကို ပိုပြီးကြိုက်လာပါတယ်။ ဒါပေမယ့် အချို့ကလေးတွေကတော့ မိခင်နို့ကလွဲပြီး အခြားမုန့်တွေကို မစားပါဘူး။ ကလေးနို့စို့ချင်တဲ့အခါမှာ သတိထားမိပြီး နို့တိုက်နိုင်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။
ကလေးမှာ အာဟာရလုံလောက်ကြောင်း သိနိုင်မယ့်အချက်များ
- ကောင်းကောင်းအိပ်ပျော်လေ့ရှိပါတယ်။
- ကိုယ်အလေးချိန်က တဖြည်းဖြည်းချင်း တက်လာပါတယ်။
- ဝမ်းပုံမှန်သွားလေ့ရှိပါတယ်။ (ပုံမှန်အားဖြင့် တစ်နေ့ကို ဒိုင်ဘာ ၄ ခုကနေ ၆ ခုအထိ လိုအပ်ပါတယ်)
- နို့စို့ပြီးနောက် ကျေနပ်ပျော်ရွှင်တဲ့ပုံစံပြလေ့ရှိပါတယ်။
ကလေးတွေမှာ အာဟာရလုံလုံလောက်လောက် မရှိတဲ့အခါ
- ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်ပါဘူး။
- မကြာခဏ ငိုလေ့ရှိပါတယ်။
- ကိုယ်အလေးချိန်လည်း သူ့အရွယ်နဲ့သူ မတိုးလာပါဘူး။
- ဝမ်းလည်း ပုံမှန်မသွားပါဘူး။
- နို့စို့ပြီးနောက်မှာလည်း ပျော်ရွှင်တဲ့ပုံစံမပြပါဘူး။
Zombie (lovemedia)
0 Comments