ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုကို ထိခိုက်စေတဲ့ စိတ်ခံစားချက် (၅) မျိုး

စိတ်ခံစားချက်တွေ များလာတဲ့အခါမှာ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အလုပ်တွေကို တစ်စတစ်စ ထိခိုက်လာမှာပါ။ လူတိုင်းက ခံစားချက်နဲ့ မကင်းလွတ်နိုင်ပါဘူး။ ဒါပေမယ့် ဝမ်းနည်းစရာတွေကို အမြဲတပွေ့တပိုက်နဲ့ တမြေ့မြေ့ ခံစားတဲ့အခါမှာတော့ မလိုလားအပ်တဲ့အရာတွေ ဖြစ်ပေါ်စေပါတယ်။

အဲဒါကြောင့် ဘယ်လိုစိတ်ခံစားချက် ၅ မျိုးက ကျန်းမာရေးကို ဆိုးကျိုးတွေ ဖြစ်စေလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဒေါသ

Anger နဲ့ danger ကြားမှာ စာလုံးတစ်လုံးပဲ ကွာခြားပေမယ့် ဒေါသကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။ ဒေါသထွက်လာတဲ့အခါမှာ သွေးဖိအားတွေ တိုးလာပြီး အဒရီနယ်ဂလင်းက စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီဇောဟော်မုန်း‌တွေ ထုတ်လွှတ်ပါတယ်။

အဲဒါကြောင့် ဒေါသထွက်ရင် သွေးတိုးတာ၊ ဒေါသကြော မူးလဲတာ စတဲ့ဆိုးကျိုးတွေဖြစ်လာတာပါ။ ဒေါသက လူကို အသက်ဆုံးရှုံးတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒေါသတွေ နည်းပါးဖို့ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာ စတဲ့လေ့ကျင့်ခန်းတွေက ထိရောက်ပါတယ်။

၂။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက မှတ်ဉာဏ်ကို အားနည်းစေပါတယ်။ စိတ်ဖိစီးမှုများရင် သေသေချာချာ အာရုံမစိုက်နိုင်တော့ပါဘူး။ စိတ်ဖိစီးမှုလျော့နည်းစေဖို့အတွက် ကာဖိန်းဓာတ်ပါတဲ့သောက်စရာတွေကို လျှော့သောက်ပါ။ အစားအစာကို အာဟာရမျှတအောင် စားပေးပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ ယုံကြည်ရသူကို ရင်ဖွင့်ပါ။

၃။ ကြောက်စိတ်

လူတိုင်းမှာ ကြောက်စိတ်ကိုယ်စီရှိကြပါတယ်။ ကြောက်စိတ်က ကိုယ်ခံအားနည်းပါးစေပါတယ်။ ကြောက်စိတ်လွှမ်းမိုးနေချိန်မှာ ပင်ပန်းနွမ်းနယ်လာတာ၊ မှတ်ဉာဏ်အားနည်းလာတာ၊ မျိုးပွားနိုင်ချေ နည်းလာတာကို ကြုံတွေ့ရစေပါတယ်။

ကြောက်စိတ်ကို ဖယ်ရှားနိုင်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။ ပျော်ရွှင်စေမယ့်နေရာတွေကို များများသွားပါ။

၄။ ပူဆွေးသောက

တန်ဖိုးထားရတဲ့အရာတွေ၊ ချစ်ခင်ရသူတွေ ဆုံးရှုံးပြီးနောက်ပိုင်းမှာတော့ ပူဆွေးသောကတွေ ဖြစ်ပေါ်လာပါတယ်။ ဒီခံစားချက်ကြောင့် ကိုယ်ခံအားနည်းလာပြီး နှလုံးကြွက်သားတွေကို အားနည်းလာစေပါတယ်။ အသည်းကွဲတဲ့အခါမှာလည်း နှလုံးကြွက်သားကျန်းမာရေးကို ထိခိုက်လာစေပါတယ်။

အရမ်းပူဆေးသောကရောက်ရတဲ့အခါမှာ အစာချေစနစ်မှာလည်း ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပြီး သဘာဝတရားနဲ့ အချိန်ကုန်ပါ။

၅။ ရှက်ကြောက်စိတ်

ရှက်စိတ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို လျော့ပါးစေပါတယ်။ အခွင့်အရေးတွေနဲ့ အလှမ်းဝေးစေပါတယ်။ ရှက်စိတ်ကြောင့် စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

အဲဒါကြောင့် ရှက်ကြောက်စိတ်တွေ လျော့ပါးသွားအောင် ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ဟာသရုပ်ရှင်တွေ၊ စာအုပ်တွေကို ဖတ်ပါ။ အပေါင်းအသင်းတွေ တိုးလာအောင် မိတ်ဖွဲ့ပါ။

Zombie (lovemedia)

Post a Comment

0 Comments